Skip to main content

နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်သည့်အရာ ပြည်သူအားလုံး သိရှိလိုက်နာရမည့်ပြဋ္ဌာန်းချက်

လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းတွင် နေထိုင်နေသရွေ့ မိမိတို့၏ နေ့စဉ်ဘဝနေရာတိုင်းတွင် တရားဥပဒေရှိနေသည်။ အမှတ်တမဲ့နှင့် သတိမမူမိစေကာမူ လူမှုအဖွဲ့အစည်းယန္တရားကြီး ပုံမှန်လည်ပတ်နေခြင်းသည် တရားဥပဒေ တည်ရှိနေခြင်းကြောင့်သာဖြစ်ပြီး တရားဥပဒေစိုးမိုးမှုပျက်ပြားသွားသည်နှင့် အချိန်မဆိုင်း လူ့အဖွဲ့အစည်းတစ်ရပ်လုံး ပျက်စီးသွားမည်ဖြစ်သည်။ သို့ဖြစ်ရာ တရားဥပဒေကို လူတိုင်းသိရှိနားလည်ထားကြရန်လိုသည်။

“ဥပဒေကို မသိနားမလည်၍ ကျူးလွန်မိပါသည်ဟု ဆိုရုံမျှနှင့် အပြစ်မှလွတ်မြောက်မှုမရနိုင်” ဟူသည့် ထင်ရှားသည့် ဆိုရိုးတစ်ခု ဥပဒေနယ်ပယ်တွင်ရှိသည်။ ဤသည်မှာ တည်ရှိနေဆဲဥပဒေများကို လူတိုင်းသိရှိနားလည်ထားပြီးဖြစ်သည်ဟူသော သဘော တရားပင်ဖြစ်ရာ လူတိုင်းဥပဒေကို သိရှိနားလည်အောင် လေ့လာကြရန်လိုသည်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပါ တရားစီရင်ရေးဆိုင်ရာမူများအနက် “ဥပဒေကို ပြည်သူများက နားလည် လိုက်နာကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကို လိုက်နာသောအလေ့အကျင့် ပျိုးထောင်ပေးရေး” ဟူ၍ မူတစ်ရပ်ပါရှိနေသည်။ တိုင်းပြည်မြို့ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့သည် ရဲတပ်ဖွဲ့နှင့် တရားရေးအဖွဲ့အစည်း များ၏ တာဝန်မျှသာမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သည်။ ပြဋ္ဌာန်းထားသည့်ဥပဒေကို ပြည်သူကနားလည်လိုက်နာ ကျင့်သုံးမှသာ ဥပဒေပြဋ္ဌာန်းရသည့် ရည်ရွယ်ချက်များ အောင်မြင်မည်ဖြစ်သည့်အလျောက် ဥပဒေပညာပြန့်ပွားရေးကို အလေးထား ဆောင်ရွက်ရန်လိုသည်။

‘‘မိမိတို့နိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကိုနိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန်လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေးနိုင်‌ရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ လူတိုင်းလူတိုင်း ဥပဒေပညာရှင်မဖြစ်နိုင်သော်လည်း ဥပဒေပညာကို သိရှိနားလည်ထားမှသာ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း” ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း LEGAL ADVOCACY CENTER (LAC) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒီမိုကရေစီစနစ်တွင် အရေးကြီးသည့် နိုင်ငံသားတာဝန်များ၌ ‘‘ဖွဲ့စည်းပုံအခြေခံဥပဒေအား လေးစားရန်နှင့် ပြဋ္ဌာန်းထားသည့် ဥပဒေများကို လိုက်နာရန်” (Respect the Constitution and Obey the Laws) ဟူသော တာဝန်တစ်ရပ်လည်း ပါဝင်သည်။ လွှတ်တော်သည် ဥပဒေပြုအဖွဲ့အစည်းဖြစ်ပြီး ပြည်သူများက ရွေးကောက်တင်မြှောက်ပေးလိုက်သည့် ကိုယ်စားလှယ်များက နိုင်ငံနှင့်ပြည်သူအကျိုးအတွက် လွှတ်တော်တွင် ဆွေးနွေးပြဋ္ဌာန်း လိုက်သည့်ဥပဒေများကို ပြည်သူလူထုက လေးစားလိုက်နာကြရန် တာဝန်ရှိသည်။ ပြည်သူက တရားဥပဒေကို သိနားလည်ကာ လေးစားလိုက်နာ၍ တရားဥပဒေစိုးမိုးမှုမြင့်မားသည့် နိုင်ငံများမှာ တည်ငြိမ်အေးချမ်းမှုရှိပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ လည်း ဖြစ်ကြသည်။

ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း ဖွင့်လှစ်ခြင်းအားဖြင့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းများ ပိုမိုဖွင့်လှစ်သင်ကြားနိုင်မည်။ ဥပဒေအသိပညာပြန့်ပွားပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အထောက်အကူပြုမည် ဖြစ်သည်။ ဥပဒေကို နိုင်ငံသူနိုင်ငံသားပြည်သူများ ပိုမိုသိရှိနားလည် လိုက်နာဆောင်ရွက်ရေး ယခုထက်ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဖြန့်ဖြူးနိုင်ရန် အားထုတ် ကြိုးပမ်းကြရပါမည့်အကြောင်း။ ။