နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ဆောက်ရေးနှင့် ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အခန်းကဏ္ဍမှာ အဓိကကျသကဲ့သို့ ပါဝင်ဆောင်ရွက်နေကြသော ကျွမ်းကျင်အလုပ်သမားများ၏ အခန်းကဏ္ဍမှာလည်း အလွန်အရေးကြီးသဖြင့် အလုပ်သမားများ အရည်အသွေးမြင့်မားအောင် ဖန်တီးဖော်ဆောင်ပေးပြီး လုပ်အားတန်ဖိုးကို မြင့်မားလာအောင် ဆောင်ရွက်ကြရပေမည်။
အလုပ်သမားများ၏ ကျွမ်းကျင်မှုအရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်ပေးပြီး အလုပ်သမားများ၏ အကျိုးခံစားခွင့်များကို မျက်ခြည်မပြတ်ဆောင်ရွက်ပေးနေလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ အလုပ်သမားများ၏ အရည်အသွေးနှင့်ခံစားခွင့်များကို မြှင့်တင်မပေးနိုင်လျှင် ကုန်ထုတ်စွမ်းအားများကျဆင်းပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ကုန်ထုတ်လုပ်မှုတိုးတက်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကာကာယ၊ ဉာဏအလုပ်သမားများအားလုံးကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိရာ၌ လုပ်သားအင်အား အများဆုံးပါဝင်ဆောင်ရွက်နေသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးလျက်ရှိသည်။ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင်လုပ်သားများ အပြည့်အဝရှိရန်လိုအပ်သည်။ လုပ်ငန်းနယ်ပယ်များတွင် ကျွမ်းကျင်လုပ်သားများ အလုံအလောက်ရှိခြင်း၊ မရှိခြင်းသည် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ခြင်း၊ တိုးတက်ခြင်းနှင့် မဖွံ့ဖြိုးခြင်း၊ ဆုတ်ယုတ်ခြင်း ရလဒ်အဖြေကို ဖြစ်စေသည်။
ထို့ကြောင့်လည်း နိုင်ငံအတွင်း၌သာမက ပြည်ပနိုင်ငံများနှင့်ပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်၍ ကျွမ်းကျင်မှုပညာရပ်များ သင်ကြားပေးခြင်း၊ ပုဂ္ဂလိကသင်တန်းကျောင်းများ တည်ထောင်နိုင်ရေး အားပေးကူညီခြင်း၊ ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များထုတ်ပေးခြင်း၊ Skill Labour များရရှိရန်အတွက် ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ MSME လုပ်ငန်းများတွင် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးနိုင်လျှင် ကုန်ထုတ်စွမ်းအားများတိုးတက်ပြီး နိုင်ငံ့စီးပွားမြင့်မားလာမည်ဖြစ်သည်။
ဥပမာအားဖြင့် လုပ်သားအင်အားကို အခြေပြုသည့် အထည်ချုပ်လုပ်ငန်းများသည် နိုင်ငံသူနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးနိုင်ခြင်း၊ နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေပေးနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများဖြစ်ထွန်းသော လုပ်ငန်းများဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အထည်ချုပ်လုပ်ငန်းများ အောင်မြင်စေရန်၊ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်နှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးလာစေရန်အတွက် အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် သဘာဝကပေးသော အရင်းအမြစ်များစွာပိုင်ဆိုင်ထားပြီး လုပ်သားအင်အားလည်း အလုံအလောက်ရှိသဖြင့် ယင်းအခွင့်အလမ်းကောင်းများကို ထိရောက်အကျိုးရှိစွာအသုံးချ၍ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေး၊ ပြည်ပမှထုတ်ကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းနေရသည့် နိုင်ငံအဖြစ်မှ ပြည်ပသို့ ပို့ကုန်တင်ပို့နိုင်သည့်နိုင်ငံအဖြစ်သို့ ရောက်ရှိလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အလုပ်သမားအင်အားစု၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်သဖြင့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာသည်ကိုတွေ့ရသည်။ နိုင်ငံတော်နှင့်ပြည်သူလူထု အကျိုးစီးပွားအတွက် ကိုယ်အား၊ ဉာဏ်အားရှိသရွေ့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြသော အလုပ်သမားများကို အသိအမှတ်ပြုရမည်ဖြစ်သည်။
အလုပ်သမားရေးရာကိစ္စရပ်များတွင် အစိုးရကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းဆောင်ရွက် ဖြည့်ဆည်းပေးလျက်ရှိသောကြောင့် အကျိုးရလဒ်ကောင်းများ ထွက်ပေါ်လာသည်ကိုတွေ့ရသည်။ အလုပ်သမားသံအရာရှိများ ခန့်အပ်တာဝန်ပေး၍ ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ အလုပ်သမားများ၏ လူမှုစီးပွားဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုရရှိခံစားစေနိုင်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့်လည်ပတ်စေနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍများပါ တစ်ပြိုင်တည်း တိုးတက်လာနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးလာရေး၊ ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝမြင့်မားတိုးတက်လာရေးအတွက် ဦးတည်ချက်များနှင့်ရှေ့လုပ်ငန်းစဉ်များနှင့်အညီ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြှင့်တင်ဆောင်ရွက်ပေးထားသည့် အလုပ်သမားထုကြီးတစ်ရပ်လုံးကလည်း နိုင်ငံတော်နှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။