Skip to main content

ပြည်သူများကို ထာဝစဉ်စောင့်ရှောက်ကူညီ

နိုင်ငံတော်အစိုးရသည် ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်နှင့်အညီ “ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ထာဝစဉ် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသော်လည်း အဖျက်သမားသောင်းကျန်းသူများက အစဉ်အဆက်နှောင့်ယှက်ဖျက်ဆီးခဲ့သည်ကို သမိုင်းကြောင်းတစ်လျှောက် တွေ့ရမည်ဖြစ်သည်။

သောင်းကျန်းသူအဖျက်သမားများသည် လူမျိုးရေး၊ ဒေသရေး၊ တော်လှန်ရေးဟုကြွေးကြော်ပြီး မြို့ရွာအစွန်အဖျားဒေသများကို တိုက်ခိုက်ဖျက်ဆီးလာခဲ့သည်မှာ လွတ်လပ်ရေးရပြီးကတည်းက ယနေ့ထက်တိုင်အောင်ဖြစ်သည်။ ဒေသခံတိုင်းရင်းသားပြည်သူများမှာ လွတ်လပ်ရေးရပြီးကတည်းက ယနေ့ထက်တိုင်အောင်ပင် သောင်းကျန်းသူအဖျက်သမားများ နှိပ်စက်ဖျက်ဆီးမှုဒဏ်ကို ခံစားနေရဆဲဖြစ်သည်။ တိုင်းရင်းသားပြည်သူလူထုကို လက်နက်အားကိုးဖြင့် အနိုင်အထက်ပြုကျင့် အာဏာရှင်၊ စစ်ဘုရင်ဝါဒဖန်တီးနေသည်မှာ သောင်းကျန်းသူအဖျက်သမားများပင်ဖြစ်သည်။

သောင်းကျန်းသူများသည် နယ်စပ်အစွန်အဖျားနှင့် ဝေးလံခေါင်ပါးသည့်နေရာများတွင် ပုန်းအောင်းခိုလှုံပြီး နယ်မြေဒေသအချို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း ဝင်ရောက်နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများနှင့် တိုက်ပွဲများကို ဖော်ဆောင်ခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများသည် ဘေးလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။ ရခိုင်ပြည်နယ်နှင့် နယ်မြေဒေသအချို့တွင် အကြမ်းဖက်သောင်းကျန်းသူများသည် တိုက်ပွဲများဖော်ဆောင်ကာ အကြမ်းဖက်အဖျက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်အပြင် ဆက်သွယ်ရေးလမ်းကြောင်းများကို နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံစိတ်ချချောမွေ့စေရေးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။

မကြာသေးမီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ရခိုင်ပြည်နယ် အမ်းခရိုင်ရှိ ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန် ပစ္စည်းများတင်ဆောင်ပြီး အမ်း-ပဒါန်းလမ်းကြောင်းအတိုင်း ထွက်ခွာလာသည့် ကုန်စည်ပို့ဆောင်ရေး အရပ်ဘက်မော်တော်ယာဉ် ၂၇ စီးသည် အမ်းမြို့သို့ ချောမောစွာရောက်ရှိလာခဲ့သည်။ အဆိုပါ လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် အရပ်ဘက်မော်တော်ယာဉ်များကို အမ်း-ပဒါန်း လမ်းတစ်လျှောက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက နည်းမျိုးစုံဖြင့် ပိတ်ဆို့နှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း လုံခြုံရေးအဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သဖြင့် ဒေသခံပြည်သူများ စားရေရိက္ခာပစ္စည်းများရရှိကြသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။

ထို့အပြင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်အတွင်းရှိ နယ်မြေဒေသအချို့တွင် အကြမ်းဖက်သောင်းကျန်းသူများက တိုင်းရင်းသားပြည်သူများနေထိုင်သည့် ကျေးရွာများတွင် တိုက်ပွဲများဖော်ဆောင်ကာ အကြမ်းဖက်လုပ်ငန်းများကိုလုပ်ကိုင်ခဲ့သဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြသော ယာယီရွှေ့ပြောင်းနေထိုင်သော ဒေသခံ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဆန်နှင့်စားရေရိက္ခာများကို ထောက်ပံ့ကူညီပေးခဲ့သည်။ ယခုအချိန်ကာလတွင် နိုင်ငံအတွင်းရှိ အချို့မြို့နယ်ဒေသများ၌ လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရသည့် မည်သည့်ဒေသတွင်မဆို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းဌာနနှင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ပြည်သူများ ဘေးအန္တရာယ်ကျရောက်ချိန်တွင် အလျင်အမြန် ကူညီဆောင်ရွက်ပေးကြသည်။ အကြမ်းဖက်သောင်းကျန်းသူများသည် တည်ငြိမ်အေးချမ်းနေသော ပြည်သူများ၏ လူမှုစီးပွားဘဝများ ပျက်စီးအောင် မကြာခဏပြုလုပ်ကြသည်။ အပြုနှင့်အဖျက်၊ အကောင်းနှင့်အဆိုးတို့ကို တိုင်းရင်းသားပြည်သူများအနေဖြင့် မျက်ဝါးထင်ထင် မြင်တွေ့နေကြရပြီဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများ၏ လုပ်ရပ်များကို စက်ဆုပ်ရွံရှာဖြစ်နေကြသည်။ သောင်းကျန်းသူ အဖျက်သမားများချုပ်ငြိမ်းရေးကို လိုလားနေကြသည်။

သို့ဖြစ်ရာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် အဖွဲ့အစည်းများအားလုံးက ပြည်ထောင်စုတစ်ဝန်းလုံး လွှမ်းခြုံဆောင်ရွက်ပေးလျက်ရှိရာ ထာဝရတည်ငြိမ်အေးချမ်းစွာဖြင့် စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် အစိုးရတစ်ရပ်၊ တပ်မတော်တစ်ရပ်တည်းဖြင့် အလုံးစုံအောင်မြင်စွာ ဆောင်ရွက်နိုင်မည်မဟုတ်သဖြင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာဖြင့် တတ်နိုင်သည့်ဘက်မှ တက်ညီလက်ညီ ပါဝင်ဆောင်ရွက်မှသာ ထာဝရငြိမ်းချမ်းသာယာဝပြောမည်ဖြစ်ပါကြောင်း။ ။        

ကြေးမုံ(အယ်ဒီတာ့အာဘော်)