Skip to main content

တန်ဖိုးမြှင့်ကွင်းဆက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတို့မှာ လက်ရှိစိုက်ပျိုးဧကများအတိုင်း တစ်ဧကအထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်အောင် ထုတ်လုပ်နိုင်စွမ်းရှိသည်။ သို့ရာတွင် လက်တွေ့အခြေအနေမှာမူ ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာသန်းပေါင်း ရာနှင့်ချီ၍တင်သွင်းနေရသလို ပြည်တွင်းရှိ အဝတ်အထည်လုပ်ငန်းများအတွက် ပြည်ပမှချည်မျှင်နှင့် အထည်အလိပ် ဒေါ်လာသန်းပေါင်းများစွာဖြင့် ဝယ်ယူ တင်သွင်းနေရသည်။

မိမိနိုင်ငံတွင် လိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန်အောင်ပင် ထုတ်လုပ်နိုင်စွမ်းရှိပါလျက်နှင့် ပြည်ပမှနိုင်ငံခြားငွေကြေး အမြောက်အမြား အကုန်အကျခံကာ ဝယ်ယူတင်သွင်းနေရခြင်းက နိုင်ငံအတွက် များစွာထိခိုက်နစ်နာစေသည်ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးများတွင်လည်းကောင်း၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ သွားရောက်သည့် ခရီးစဉ်များတွင်လည်းကောင်း ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုး ထုတ်လုပ်ရေး၊ ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို အပြည့်အဝကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၃၀ ရက်တွင် ကျင်းပခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနအကြီးအကဲများ၊ ပညာရှင်များ၊ ဆီစက်လုပ်ငန်းရှင်များအပါအဝင် လုပ်ငန်းအစီအမံများ အကောင်အထည်ဖော်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။ အလားတူ ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များ ထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအမံဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို မေလ ၃ ရက်တွင် ကျင်းပခဲ့ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများ၊ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲတို့မှ ထွက်ပေါ်လာသည့် အချက်အလက်များသည် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို အထောက်အကူဖြစ်စေမည်ဖြစ်သည်။

ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမှသည် ကုန်ကြမ်းများကြိတ်ခွဲ၍ စားသုံးဆီကုန်ချောများ ထုတ်လုပ်သည်အထိ၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုမှသည် ချည်မျှင်နှင့်အထည်အလိပ်များ၊ အထည်ချုပ်လုပ်ငန်းများအထိ လုပ်ငန်းကွင်းဆက်များ တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ၊ တစ်ဦးချင်းဝင်ငွေများတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ပြီး အခြားအကျိုးရလဒ်များစွာတို့လည်း ပေါ်ထွက်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်အဆင့် တွန်းအားပေးဆောင်ရွက်နေချိန်တွင်သာ လိုက်ပါဆောင်ရွက်နေခြင်းမျိုး မဖြစ်စေဘဲ အရေအတွက်ပမာဏအားဖြင့်ရော အရည်အသွေးအရပါ စံချိန်မီကောင်းမွန်သည့် ကုန်ချောများကိုထုတ်လုပ်၍ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များသို့ပါ တင်ပို့နိုင်ရေး အားထုတ်လုပ်ကိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးအတွက် အထောက်အကူပြုနိုင်သည့် ကုန်ထုတ်စွမ်းအားစုများအဖြစ် ရေရှည်တည်တံ့စေရပါမည့်အကြောင်း။ ။