Skip to main content

ရာသီဥတုပြောင်းလဲမှုအကျိုးဆက် လျှော့ချကာကွယ်ဆောင်ရွက်

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ပြည်သူတစ်ရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာတစ်ရပ်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးဆက်အမျိုးမျိုးဖြစ်သည်။ အထူးသဖြင့် ​နွေရာသီကာလ၌ အပူရှိန်မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသော အပူဒဏ်အန္တရာယ်များနှင့် ရေရှားပါးမှုအခက်အခဲများရှိသည်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲလာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ လူသားတို့၏ ပြုပြင်စီမံလုပ်ကိုင်ဖန်တီးမှုများကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲအကျိုးဆက် များဖြစ်သည်။ “ဘယ်သူမပြုမိမိမှု” ဆိုသကဲ့သို့ လူသားတို့အကျိုးစီးပွား ဆောင်ရွက်ခြင်းမှ ဖြစ်ပေါ်လာသော ပြဿနာများဖြစ်သည်။ ထို့ကြောင့် ပျက်စီးယိုယွင်းလာသော သဘာဝပတ်ဝန်းကျင်ကို လူသားတို့က ပြန်လည်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ပြီး ရာသီဥတု ပုံမှန်ပြန်လည်ဖြစ်ပေါ်လာအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းသည် လူသားတို့၏ကျန်းမာရေးကို ထိခိုက်ပျက်စီးစေပြီး စိုက်ပျိုးရေးနှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုဖြစ်စေသည်။ သန့်ရှင်းသောလေနှင့် ရေကောင်းရေသန့်ရရှိမှု၊ စားရေရိက္ခာလုံလောက်စွာရရှိမှုတို့ကို ထိခိုက်မှုများဖြစ်စေသည်။ အပူချိန်မြင့်တက်လာမှုကြောင့် လေထုထဲတွင် လေအရည် အသွေးညစ်ညမ်းမှုကိုဖြစ်ပေါ်စေပြီး အပူလျှပ်ခြင်း၊ ရုတ်တရက်သေဆုံးခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်စေသည်။

ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကြောင့် မိုးခေါင်ခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ အပူချိန်မြင့်မားခြင်း၊ ရေငွေ့ပြန်ခြင်းတို့ဖြစ်ပေါ်ပြီး သက်ရှိလူသားများ၊ တိရစ္ဆာန်များနှင့် ဂေဟစနစ်များ ထိခိုက်ပျက်စီးမှုဖြစ်လာသည့်အပြင် စိုက်ပျိုးရေး၊ စွမ်းအင်နှင့် စက်မှုကဏ္ဍများကိုပါ ထိခိုက်မှုများရှိလာသည်။ ရာသီဥတုပြောင်းလဲမှုကို ပြုပြင်စီမံရန် အလွယ်တကူမပြုလုပ်နိုင်သဖြင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေရန်နှင့် လိုက်လျောညီထွေ ပြုပြင်စီမံနိုင်ရေးကိုဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

အထူးသဖြင့် စားရေရိက္ခာနှင့် စွမ်းအင်ဖူလုံရေး၊ ဇီဝမျိုစုံမျိုးကွဲများ ထိန်းသိမ်းရေးနှင့် ပြည်သူများ ကျန်းမာရေးတိုးတက်ကောင်းမွန်ရေးသည် အရေးကြီးသဖြင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးကို အရေးတကြီးလုပ်ဆောင်ကြရမည်ဖြစ်သည်။ အနာဂတ်ကာလတွင် ကြုံတွေ့လာနိုင်သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နောက်ဆက်တွဲစိန်ခေါ်မှုများကို သတိမူကြရမည်ဖြစ်သည့်အပြင် ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် အကျိုးဆက်များကို ကာကွယ်နိုင်ရန်အတွက် အစိုးရအဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံးကလည်း အလေးထားပါဝင် ဆောင်ရွက်ကြရန်လိုအပ်သည်။

ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရန်နှင့် ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သစ်တော၊ သစ်ပင်များပြုန်းတီးမှုကိုလျှော့ချပြီး သစ်ပင်များ ပိုမိုစိုက်ပျိုးကြရန် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မော်တော်ယာဉ်နှင့် မီးစက်များအသုံးပြုမှုများပြားလာသောကြောင့် ကာဗွန်ထုတ်လုပ်မှု မြင့်မားလာသည်ကို လျှော့ချနိုင်မည့်နည်းလမ်းများကို ရှာဖွေကြရမည်ဖြစ်သည်။ စက္ကူနှင့် ပလတ်စတစ်ပစ္စည်းများ အသုံးပြုမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်အသုံးပြုနိုင်ရန် ပြုပြင်လုပ်ကိုင်ခြင်း စသည့်သဘာဝပတ်ဝန်းကျင် မညစ်နွမ်းစေသည့်အစီအမံများ တိုးတက်လာစေရန်လိုအပ်သည်။

အထူးသဖြင့် ပလတ်စတစ်နှင့် တစ်ခါသုံးပစ္စည်းများ အသုံးပြုမှုကို လျှော့ချရှောင်ရှားရန်နှင့် ရေကိုချွေတာ သုံးစွဲရန်လိုအပ်သည်။ မြို့ပြနေအိမ်၊ အဆောက်အအုံ များအနေဖြင့် အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းအောင် သဘာဝအတိုင်း စီမံဆောင်ရွက်နိုင်ရန်လိုပြီး လေအေးပေးစက်အသုံးပြုခြင်းကို လျှော့ချနိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။ ကမ်းရိုးတန်းဒေသများတွင် ရေလွှမ်းမိုးမှုကာကွယ်နိုင်ရန်နှင့် ဂေဟစနစ်ကောင်းမွန်ရန်အတွက် သစ်ပင်နှင့် ဒီရေတောများကို ထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်သည်။ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော၊ ထိခိုက်မှုမရှိသော စီးပွားရေးဆိုင်ရာ အလေ့အထများကို မြှင့်တင်ပေးရန်လိုအပ်သည်။

လက်ရှိတွင် ကြုံတွေ့နေရသော အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှင့် ပြင်းထန်သော ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို ဖြေရှင်းနိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှု မဟာဗျူဟာများ ကျင့်သုံးလိုက်နာဆောင်ရွက်ရေးတွင် ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေး၊ တိုက်တွန်းနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်သွားရမည်ဖြစ်သည်။ လူဦးရေတစ်နေ့ တခြားတိုးပွားလာမှု၊ နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မှုတို့နှင့် ပတ်သက်၍ ကြုံတွေ့လာနိုင်သော ရေအရင်းအမြစ်ပြဿနာများကို ကြိုတင်စီမံ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်များကို သက်ရှိလူသားအားလုံး မလွဲမသွေဆက်လက်ကြုံတွေ့ခံစားကြရမည်ဖြစ်၍ ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် အန္တရာယ်များကို သတိထားရှောင်ရှားပြီး နောက်ဆက် တွဲအကျိုးဆက်များ ခံစားကြရမှုကို လျှော့ချနိုင်ရေးအတွက် ကာကွယ်ဆောင်ရွက် ရမည့်အစီအမံများတွင် ပြည်သူလူထုတစ်ရပ်လုံးကလည်း အသိတရားဖြင့် ပါဝင်လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။        ။