ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ နောင်တုံကန်ပတ်လမ်းရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသည့်နေရာတွင် အသစ်ပြန်လည် တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက်ဖွင့်ပွဲအခမ်းအနားကို မေ ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ မြို့တော်ဖြစ်သော ကျိုင်းတုံမြို့တွင် အထင်ကရကျက်သရေဆောင်နေရာတစ်ခု ထပ်မံပေါ်ထွန်းလာခြင်းပင်ဖြစ်သည်။
ကျိုင်းတုံဒေသသည် သာယာလှပသည့် သဘာဝပတ်ဝန်းကျင် ရေမြေတောတောင်တို့ကြောင့် ခရီးသွားများကို ဆွဲဆောင်နိုင်စွမ်းရှိသည့် ဒေသဖြစ်သည်။ ကျိုင်းတုံမြို့၏ အထိမ်းအမှတ်ဖြစ်သည့် နောင်တုံကန်၊ ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်၊ လွယ်မွေအပန်းဖြေတောင်စခန်းမြို့စသည်တို့နှင့်အတူ အသစ်ပြန်လည်တည်ဆောက်ထားသည့် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်သည်လည်း ခရီးသွားဧည့်သည်တို့ မဖြစ်မနေ လေ့လာလည်ပတ်ကြသည့် နေရာတစ်ခုအဖြစ် ပါဝင်လာမည်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် အရေးပါသည့် ကျိုင်းတုံလေဆိပ်ကို အဆင့်မြှင့်တင်လျက်ရှိရာ နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်နှင့်အညီ လာအို၊ တရုတ်၊ ထိုင်း စသည့်အိမ်နီးချင်းနိုင်ငံများမှ လေကြောင်းခရီးဖြင့် လာရောက်ရာတွင် ကျိုင်းတုံလေဆိပ်တွင် တိုက်ရိုက်ပျံသန်းဆင်းသက်နိုင်ရေး ဆောင်ရွက်ပြီးစီးပါက ကျိုင်းတုံသည် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တို့နှင့် စည်ကားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်လာမည့် အလားအလာကောင်းများရှိနေသည်။ ဒေသ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ ဒေသတည်ငြိမ်အေးချမ်းရေးသည် အဓိကအရေးကြီးသည့်အလျောက် ဒေသခံပြည်သူတို့အားဖြင့် ပူးပေါင်းပါဝင်ထိန်းသိမ်းကြရမည်ဖြစ်သည်။
ဒေသတစ်ခုနည်းမှန်လမ်းမှန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သယံဇာတအရင်းအမြစ်များ၊ ငွေကြေးအရင်းအမြစ်များထက် လူသားအရင်းအမြစ်ကောင်းများက လွန်စွာအရေးပါသည်။ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်ပြည့်စုံသူ လူသားအရင်းအမြစ်ကသာ ဒေသတွင်းရှိနေသည့် အခြားအရင်းအမြစ်များကို ကောင်းစွာစီမံခန့်ခွဲအသုံးချကာ ဒေသဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်သွားနိုင်မည်ဖြစ်ရာ ဒေသခံမျိုးဆက်သစ်လူငယ်များကို ပညာတတ်များဖြစ်လာစေရန်၊ ပြည်နယ်၏ သားကောင်းရတနာ သမီးကောင်းရတနာများ၊ ပြည်ထောင်စု၏ သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။ “ကျိုင်းတုံဒေသတွင် အဆင့်မြင့်ပညာများ သင်ကြားနိုင်ရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးထားပြီးဖြစ်သဖြင့် အကျိုးရှိရှိ အသုံးချနိုင်ရန်လိုကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည် ပညာရေးနှင့်ပတ်သက်၍ အားနည်းသည့်ဒေသတစ်ခုဖြစ်ပြီး ယခင်ကတည်းကပင် အားပေးဆောင်ရွက်နေရသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ပညာရေးကို အလေးထားသင်ယူကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိဘများမှလည်း ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျိုင်းတုံရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ရာ အားလုံးက ပညာရေးကို အလေးအနက်ဆောင်ရွက်သွားကြရန် ထပ်မံနှိုးဆော်လိုသည်။
ရှေးအခါက ခေမာရဋ္ဌ ခေါ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံဒေသမှာ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံကောင်းများစွာ ပိုင်ဆိုင်ထားရှိပြီးဖြစ်ရာ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်း၍ တစ်ဆက်တည်းမှာပင် ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်တည်ဆောက်ကြရမည်ဖြစ်ရာ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ညီလက်ညီ အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။