Skip to main content

နိုင်ငံ့စီးပွားမြှင့်တင်ရေး စိုက်ပျိုးမွေးမြူရေးတွန်းအားပေး

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးမောင်းနှင်အားအားကောင်းပါမှ အခြားကဏ္ဍများ တိုးတက်ခိုင်မာကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ စီးပွားရေးမောင်းနှင်အား ကောင်းမွန်စေရန်အတွက် ပြည်တွင်းစွမ်းပကားများဖြင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန် မြှင့်တင်အားပေးဆောင်ရွက်ကြသည်။ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားလာမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏စီးပွားရေး ဦးတည်ချက်များချမှတ်၍ စီးပွားရေးကဏ္ဍမြင့်မားတိုးတက်အောင် ဆောင်ရွက်ရာ၌ စိုက်ပျိုးရေးကဏ္ဍတွင် တိုးတက်သင့်သလောက် တိုးတက်လာသော်လည်း မွေးမြူရေးကဏ္ဍတွင် အားနည်းချက်များရှိနေသေးသည်။ စိုက်ပျိုးရေးကဏ္ဍတွင် နွေစပါး စိုက်ပျိုးရေး၌ မျိုးစေ့ချကိရိယာကို အသုံးပြုနိုင်သည့်အတွက် အထွက်နှုန်းပိုမိုကောင်းမွန်လာသည်ကို တွေ့ရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ စိုက်နည်းစနစ် မှန်ကန်စွာဖြင့် အထွက်နှုန်းကောင်းမွန်လာအောင် ကျယ်ကျယ်ပြန့််ပြန့် အသိပညာပေးပြီး ပိုမိုအောင်မြင်လာအောင် ကြိုးပမ်းစိုက်ပျိုးကြရန် လိုအပ်သည်။ နိုင်ငံတော်အကြီးအကဲက နိုင်ငံတွင် လူဦးရေအများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ပြည်သူများအတွက် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများမှ ထုတ်လုပ်မှုများဖြင့် လောက်ငဖူလုံအောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားသည်။

အလားတူ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း မိမိတို့ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး ဒေသတွင်း စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို လောက်ငဖူလုံအောင် ထုတ်လုပ်နိုင်သော်လည်း အချို့ဒေသများမှာ အခက်အခဲအကြောင်းအမျိုးမျိုးတို့ကြောင့် လိုအပ်ချက်များရှိနေသေးသည်။

မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် ဥစားကြက်၊ အသားတိုးကြက်များကို စီးပွားဖြစ်နှင့် တစ်ပိုင်တစ်နိုင်မွေးမြူမှုတွင် စုစုပေါင်းကောင်ရေ ၁၇ သန်းမှ သန်း ၂၀ နီးပါးအကြားရှိသည်ကို တွေ့ရသည်။ မွေးမြူရေးလုပ်ငန်းတွင် ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အစာစပ်စက်ရုံများတည်ဆောက်၍ ကိုယ်တိုင်အစာစပ်ထုတ်လုပ်သည့်နည်းစနစ်ဖြင့် ဆောင်ရွက်ပါက တိရစ္ဆာန်အစာကုန်ကျစရိတ်သည် ပြင်ပပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းခန့် သက်သာနိုင်သည့်အပြင် ကိုယ်တိုင်ထုတ်လုပ်သဖြင့် လိုအပ်ချက်အပေါ်မူတည်၍ လိုအပ်သလိုထုတ်လုပ်နိုင်သဖြင့် ပြင်ပကိုမှီခိုအားထားခြင်းပြုစရာမလိုဘဲ ကုန်ကျစရိတ်ကို လျှော့ချနိုင်မည်ဖြစ်သည်။

ထုတ်လုပ်မှုစရိတ်ကို လျှော့ချနိုင်သဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနိုင်မည်ဖြစ်သည်။ အလားတူ ကြက်မွေးမြူရေးအပြင် ကျွဲ၊ နွား၊ ဝက်၊ ငါး၊ ပုစွန် အစားအစာများကို ကိုယ်တိုင်အစာစပ်စက်ရုံများ တည်ဆောက်ထုတ်လုပ်နိုင်ပါက မွေးမြူရေးလုပ်ငန်းများ ယခုထက်ပိုမိုအောင်မြင် ဖြစ်ထွန်းလာမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာရေးအတွက် နိုင်ငံတော်ကထောက်ပံ့ပေးသည့်ကျပ်ငွေ ရှစ်ဘီလီယံခန့်ရှိပြီး လုပ်ငန်းရှင်များသို့ ထုတ်ချေးငွေပမာဏ ၇ ဒသမ ၅ ဘီလီယံကျော်ရှိသည်။

အဆိုပါထုတ်ချေးငွေများသည် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ အောင်မြင်ဖြစ်ထွန်းရေးနှင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာရေးအတွက် ထုတ်ပေးထားခြင်းဖြစ်၍ ချေးငွေများကို အမှန်တကယ် လုပ်ငန်းလည်ပတ်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ချေးငွေများကို ထုတ်ချေးပေးရာတွင် ကာလတိုချေးငွေ၊ ကာလလတ် ချေးငွေနှင့် နှစ်ရှည်ချေးငွေများအဖြစ် သတ်မှတ်ထုတ်ချေးထားသည်။ ထုတ်ချေးထားသည့် ချေးငွေများအပေါ်မူတည်၍ ချေးယူထားသော လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ မှန်မှန်ကန်ကန်လည်ပတ်ပြီး အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက် ကြဖို့လိုမည်ဖြစ်သည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ချေးငွေများဖြင့် အမှန်တကယ် လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်မှုရှိ၊ မရှိကို စိစစ်ခြင်း၊ ချေးငွေ ပြန်ဆပ်နိုင်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့် ထပ်မံ၍ရင်းနှီးငွေများလည်ပတ်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပြီး နိုင်ငံတော်၏ပံ့ပိုးမှုများကို ထိရောက်စွာအသုံးချကာ ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြပြီး ဒေသတွင်း စားရေရိက္ခာဖူလုံရေးမှသည် အပိုအလျှံများကို လိုအပ်သည့်နေရာများသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံ့ စီးပွားမြင့်မားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။          ။