Skip to main content

ကျောင်းနေအရွယ်အားလုံးကျောင်းနေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

ယခုအခါ နွေရာသီကျောင်းပိတ်ရက်ကာလ ကုန်ဆုံးတော့မည်ဖြစ်သည်။ မကြာမီကာလတွင် ကျောင်းအပ်နှံရေးရက်သတ္တပတ်ကာလ ရောက်ရှိတော့မည်ဖြစ်သည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါအတိုင်း ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အတွင်း အခြေခံပညာကျောင်းသား ကျောင်းသူလေးများအားလုံး ကျောင်းအပ်နှံကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်ပါအတိုင်း “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး”ကို မမှိတ်မသုန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေ၌ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာစေရေးအတွက် ကုန်ထုတ်လုပ်ငန်းတိုးတက်ရေးကို အထောက်အကူပြုမည့် လူသားအရင်းအမြစ်များ လိုအပ်လျက်ရှိသဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို ဖော်ဆောင်လျက်ရှိသည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ အသိပညာရှင်၊ အတတ်ပညာရှင်များ အမြောက်အမြားလိုအပ်လျက်ရှိသဖြင့် အဆိုပါလိုအပ်ချက်ကို ပညာရေးကဏ္ဍမှ ဖြည့်ဆည်းပေးနိုင်ရန် ပညာရေးကဏ္ဍကို ရေတို၊ ရေရှည်စီမံကိန်းအမျိုးမျိုးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည်။ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူတိုင်းလက်လှမ်းမီသည့် ပညာရေးမြှင့်တင်မှုတွင် အားတက်သရော ပါဝင်ဆောင်ရွက်လာကြရန် အရေးကြီးသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံသူ နိုင်ငံသား လူငယ်လူရွယ်များ ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေရေးတို့အတွက် အကြောင်းအမျိုးမျိုးဖြင့် လိုအပ်ချက်များရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

အခြေခံပညာအဆင့်တွင်ပင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် တန်းစဉ်အဆင့်ဆင့် ကူးပြောင်းအောင်မြင်နိုင်ရေးတွင် အဟောသိကံဖြစ်နေမှုများနှင့် ကြုံတွေ့နေရပေသည်။ မူလတန်းအဆင့်တွင်ပင် ပညာရေးကို စွန့််လွှတ်လိုက်သူများ၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ရောက်ပြီးမှ ပညာရေးကို အဆုံးသတ်လိုက်သူများကို တွေ့မြင်နေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လူဦးရေအချိုးအစားအရ ပညာတတ်များ၊ ပညာသင်ယူပြီးမြောက်သူများ အဆင့်လိုက် နည်းပါးလျော့နည်းလာသဖြင့် ပညာတတ်လိုအပ်ချက်များ မြင့်မားလျက်ရှိသည်။ အခြေခံပညာသင်ကြားမှုကို အကြောင်းအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကြောင့် အဆုံးသတ်လိုက်သည့်အခြေအနေများကို ကျော်လွှားနိုင်ရန်အတွက် ယခုကဲ့သို့ ပညာသင်နှစ်တစ်နှစ် ကျောင်းအပ်နှံကြရမည့်ကာလတွင် အားလုံးပါဝင်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မေလ ၂၃ ရက်နေ့မှစတင်မည့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်တွင် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူအားလုံးက ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းနေနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပညာရေးဆိုင်ရာကဏ္ဍများက အဘက်ဘက်၌ လိုအပ်ချက်များမရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးထားသည်ကို တွေ့ရသည်။ ယခင်က ကုန်ကျခဲ့ကြသည့် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးများအပါအဝင် ကုန်ကျစရိတ်မှန်သမျှကို ယခုအခါ လုံးဝကောက်ခံခြင်းမပြုရတော့သဖြင့် ပညာသင်ကြားရေးတွင် အကုန်အကျမရှိဘဲ သင်ယူနိုင်မည့် အခွင့်အရေးများရရှိနေပြီဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာသင်ကြားရေးကို ဆောင်ရွက်ကြမည့် ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံကြရာတွင် သူငယ်တန်း KG သင်ရိုးသစ်မှစ၍ ဒွါဒသမတန်း (Grade 12) သင်ရိုးသစ်အထိ တန်းစဉ်အလိုက် ကျောင်းဝတ်စုံမှအစ အခမဲ့ထောက်ပံ့ပေး ထားသည့် ပစ္စည်းစာရင်းကို ပြည်သူများအား အသိပေးချပြထားသည်။ ပြည်သူများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များ ပညာသင်ကြားရေးတွင် ကျောင်းနှင့်ပတ်သက်သည့် ကုန်ကျစရိတ်များမရှိသဖြင့် ကလေးငယ်များ အနာဂတ်အရေးအတွက် အခြားကိစ္စများကို မတွေးတောဘဲ ပညာတတ်များဖြစ်လာအောင် မဖြစ်မနေ ကျောင်းအပ်နှံပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ သားသမီးများကို မိမိတို့နေထိုင်သည့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်၊ ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ပညာရေးဝန်ထမ်းများအား ပေးအပ်ခြင်းမပြုလုပ်ကြပါရန်၊ ကျောင်းသား ကျောင်းသူများ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်ရေး၊ ကျောင်းမှန်မှန်တက်ရေး၊ အိမ်စာများကို မှန်မှန်လုပ်ဆောင်ရေး၊ ဆရာ ဆရာမများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ကြပါရန်၊ ကျောင်းမနေသူမရှိစေရေးအတွက် နိုင်ငံတော်က ထောက်ပံ့ပေးထားမှုများနှင့်အတူ ကလေးငယ်အရေး ဦးစားပေးဆောင်ရွက်ပေးကြပါရန်၊ ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအုပ်များ၊ ဆရာ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။    ။