၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်(ယနေ့)သည် (၇၇) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်ကချမှတ်ပေးထားသည့် အစီအမံများနှင့်အညီ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပနေပြီဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို မမေ့မလျော့အောက်မေ့သတိရ ဂုဏ်ပြုဦးညွှတ်အလေးပြုခြင်းနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျှော်မှန်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ ကျေးဇူးဆပ်ကြရမည် ဖြစ်သည်။
ကျွန်ုပ်တို့၏ ပြည်ထောင်စုနိုင်ငံတော်ကြီးနှင့် မြန်မာတစ်မျိုးသားလုံးသူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အသက်ပေးသွားကြသော အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးနှင့် အာဇာနည်ကြီးများ လမ်းညွှန်မှာကြားခဲ့သည့်အတိုင်း ကျွန်ုပ်တို့နိုင်ငံတော်ကြီး၏ လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေမပျက်ပြားစေရေး၊ နိုင်ငံတော်ကြီး အေးချမ်းသာယာဝပြောရေးတို့အတွက် မမေ့မလျော့မပေါ့မဆ၊ သစ္စာရှိရှိတာဝန်သိသိ၊ အားမာန်အပြည့်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် တိုင်းတစ်ပါးလက်အောက်၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် အမျိုးမျိုးအဖုံဖုံ နှိပ်စက်ညှဉ်းပန်းမှု၊ ခေါင်းပုံဖြတ်မှုများကို ထိုခေတ်ကာလက ပြည်သူများကြုံတွေ့ခံစားခဲ့ကြရသည်။ ဤခါးသီးသော အတွေ့အကြုံများကြောင့် မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အရင်းရှင်နယ်ချဲ့နှင့် ဖက်ဆစ်တို့ကို တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူများ အသက်၊ သွေး၊ ချွေးတို့ပေးဆပ်ပြီး နည်းလမ်းအဖုံဖုံဖြင့် ခုခံတွန်းလှန်ခဲ့ကြသည်။
တိုင်းတစ်ပါးလက်အောက်မှ လွတ်မြောက်အံ့ဆဲဆဲကာလတွင်ပင် နယ်ချဲ့လက်ပါးစေ လူမဆန်သောသူတို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးကို အသက်နှင့်လဲ၍ပေးဆပ်ခဲ့ရရှာသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်၊ သွေးတို့ဖြင့် ရင်းနှီးရယူပေးခဲ့သော လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လမ်းညွှန်ချမှတ်ပေးခဲ့သော နိုင်ငံတော်သာယာဝပြောရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်က ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိသည်။
ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးဆောင်မှုဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျှော်မှန်းချက်နှင့်အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး လုပ်ငန်းအဆင့်ဆင့် အကောင်အထည်ဖော်လျက်ရှိရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုများရရှိခဲ့ပြီး ကျန်ရှိသောလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်မိန့်ကြားခဲ့သော တိုင်းပြည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေး၊ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့မှသာ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို မမေ့ရာရောက်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် သစ္စာစောင့်သိရာ၊ ကျေးဇူးဆပ်ရာရောက်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလမ်းစဉ်ကို ဆက်လက်အမွေခံယူပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကို ခိုင်မာစွာတည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်များ မျှော်မှန်း သတ်မှတ်ချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ပမှနှောင့်ယှက်ဟန့်တားမှုများ၊ ပြည်တွင်းမှအဖျက်လုပ်ရပ်များကြောင့် နှောင့်နှေးကြန့်ကြာ အဟန့်အတားဖြစ်နေသည်ကို အားလုံးကြုံတွေ့နေကြရသည်။
ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်မိန့်ကြားခဲ့သော “တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေ၊ ကာကွယ်ရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာ တိုင်းသူပြည်သား လူထုနှင့်ချီပြီးတော့ လုပ်ငန်းကိုလုပ်မှ အောင်မြင်လိမ့်မယ်”ဟူသည့် လမ်းညွှန်မိန့်ကြားချက်နှင့်အညီ တိုင်းပြည်တည်ဆောက်ရေးတွင်ဖြစ်စေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင်ဖြစ်စေ၊ တိုင်းပြည်ကာကွယ်ရေးတွင်ဖြစ်စေ နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံးက အားတက်သရော လက်တွဲပါဝင်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ (၇၇)နှစ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ရာ အာဇာနည်ခေါင်းဆောင်ကြီးများကို မမေ့မလျော့သောအားဖြင့်၊ ဂုဏ်ပြုကျေးဇူးဆပ်သောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့်လမ်းစဉ်အတိုင်း နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် သာယာဝပြောရေးကို သစ္စာရှိရှိ၊ တာဝန်သိသိ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း။ ။