ဒီရေတောများသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များတွင် အလွန်အရေးပါသည့်ကဏ္ဍမှ ပါဝင်နေကြသည်။ မှန်လုံအိမ်ဓာတ်ငွေ့ဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အခြားသစ်တောအမျိုးအစားများထက် ငါးဆမှဆယ်ဆခန့်အထိ ပိုမိုစုပ်ယူနိုင်စွမ်းရှိသည့် ဒီရေတောများသည် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်ရေးတွင် လွန်စွာအရေးပါသည့်အလျောက် သဘာဝဒီရေတောများ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
ကမ္ဘာပေါ်တွင် ဒီရေတောများသည် အပူပိုင်းဒေသများနှင့် အပူသမပိုင်းကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်နေကြခြင်းဖြစ်ပြီး လူသားတို့ကြောင့် လျင်မြန်စွာပျက်စီးဆုံးရှုံးလျက်ရှိကြသည်။ ဒီရေတောများကို ခုတ်ထွင်ရှင်းလင်း၍ လယ်ကွင်း၊ ဆားကွင်းများ၊ ပုစွန်ကန်၊ ငါးကန်များအဖြစ် အသုံးပြုခြင်းမှသည် ဆိပ်ကမ်းများ၊ သင်္ဘောကျင်းများ တည်ဆောက်ခြင်း၊ ရေထွက်ပစ္စည်းစက်ရုံများ၊ လူနေအိမ်ရာများ၊ အပန်းဖြေစခန်းများစသည်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်အတွက် အရေးကြီးသည့် ဒီရေတောများမှာ လျော့နည်းလာကြရသည်။
မြန်မာနိုင်ငံသည် ဒီရေတောပိုင်ဆိုင်မှုတွင် ကမ္ဘာ့သတ္တမမြောက်အများဆုံးဖြစ်ပြီး အာရှတွင် တတိယမြောက် အများဆုံးဖြစ်သည်။ ကီလိုမီတာ ၃၀၀၀ ခန့် ရှည်လျားသည့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် တနင်္သာရီကမ်းရိုးတန်းတို့တွင် ဒီရေတောများကို တွေ့ရှိနိုင်သည်။ မြန်မာ့ဒီရေတောများ၏ ဧရိယာသည် ကမ္ဘာ့ဒီရေတောဧရိယာစုစုပေါင်း၏ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ဧကအားဖြင့် ၁ ဒသမ ၂၄ သန်းကျော်(ဟက်တာအားဖြင့် ငါးသိန်းကျော်)ရှိသည်။ ဒီရေတောများသည် ပင်လယ်ကမ်းစပ်ကမ်းဦးရေတိမ်ပိုင်း ကမ်းတက်မြေများတွင် သဘာဝအလျောက် ပေါက်ရောက်ရှင်သန်နေကြခြင်းဖြစ်သည်။ လမု၊ ဓနိ၊ ကနစို၊ ဗြူး၊ ဗြူးခြေထောက်၊ မဒမ စသည့်အပင်များ ပေါက်ရောက်နေသည့် ဒီရေတောများသည် ကုန်းတွင်းပိုင်းနှင့် အဏ္ဏဝါဂေဟစနစ်များအကြား ဆက်စပ်တည်ရှိနေသည့် ဂေဟစနစ်မျိုးဖြစ်သည်။
ဒီရေရောက်တောများသည် ဒီရေလှိုင်းများကြောင့် ကမ်းပြိုသည့်အန္တရာယ်ကို ကာကွယ်ပေးနိုင်ပြီး မုန်တိုင်းနှင့်ဆူနာမီ ရေလှိုင်းရိုက်ခတ်မှုတို့မှလည်း ကာကွယ်ပေးနိုင်သည်။ ရေချို ရေငန်ငါးပုစွန်များ ကျက်စားသည့်နေရာ၊ မျိုးပွားသည့်နေရာဖြစ်သကဲ့သို့ တွားသွားသတ္တဝါများ၊ သားငှက်တိရစ္ဆာန်များ မှီခိုရှင်သန်သည့် နေရာလည်းဖြစ်သည်။ ဒီရေတောကို အမှီပြု၍ ဒေသနေပြည်သူများ ရှင်သန်ရပ်တည်နေကြရသည်များလည်းရှိရာ ကမ်းရိုးတန်းဒေသနေပြည်သူလူထု၏ လူမှုစီးပွားဘဝများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒီရေတောသယံဇာတများကို မပျက်မစီးအောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပျက်စီးခဲ့သမျှတို့အတွက် ပြန်လည်ထူထောင်ရန် လိုအပ်သည်။
နိုင်ငံတော်သည် ဒီရေတောအမျိုးအစားနှင့် အခြေအနေပေါ်မူတည်၍ စီမံအုပ်ချုပ်ခြင်း မဟာဗျူဟာသုံးရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ယနေ့အချိန်အထိ ဒီရေတောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ၄၄ ခု၊ အဏ္ဏဝါအမျိုးသားဥယျာဉ်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ခြောက်ခုတည်ထောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံသစ်တောပြန်လည်တည်ထောင်ရေးစီမံကိန်းအစီအစဉ် ဖြင့် ၂၀၂၄ ခုနှစ်အထိ ဒီရေတောစိုက်ခင်း ဧက ၂၁၈၃၀ တည်ထောင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။ အဖိုးတန်ဒီရေတောများ ရေရှည်တည်တံ့ရှင်သန်စေရေးနှင့် အနာဂတ်ကာလတစ်လျှောက် ထိန်းသိမ်းအသုံးပြုနိုင်ရေးတွင် ပြည်သူလူထု၏ အသိပညာမြင့်မားမှုက အရေးကြီးသည့်အလျောက် ဒီရေတောဆိုင်ရာ အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်ရန်နှင့် ဒီရေတောများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာကြရန် နှိုးဆော်စည်းရုံးကြရပါမည့်အကြောင်း။ ။