မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မတိုင်မီက တံခါးပိတ်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပြီး ၁၉၈၈ ခုနှစ်လွန်ကာလမှစ၍ ယနေ့ထက်တိုင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိသည်။ ဈေးကွက်စီးပွားရေးစနစ်ကို ထုတ်လုပ်သူနှင့် စားသုံးသူအတွက် ဆွဲဆောင်မှုမက်လုံးများပေးနိုင်သောစနစ်၊ အစိုးရကဏ္ဍကို လျှော့ချပြီး ပုဂ္ဂလိကကဏ္ဍကို ဦးစားပေးသောစနစ်စသည်ဖြင့် အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြသော်လည်း လိုရင်းအချက်မှာ စီးပွားရေးကို လွတ်လပ်စွာဆောင်ရွက်နိုင်သည့် စနစ်ဖြစ်သည်။
လွတ်လပ်သောဆောင်ရွက်မှုကို ပိုမိုနှစ်သက်သဘောကျသည့် ကမ္ဘာ့နိုင်ငံအများစုသည် ဈေးကွက်အခြေခံသည့် စီးပွားရေးစနစ်ကို ၎င်းတို့နိုင်ငံ၊ ၎င်းတို့လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေဖြစ်မည့် ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးကြသည်။ ဈေးကွက်စီးပွားရေးစနစ်ဖြင့် စီးပွားရေးတိုးတက်လာသော ဖွံ့ဖြိုးပြီးနိုင်ငံများကို အားကျအတုယူပြီး မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ဈေးကွက်လမ်းကြောင်းပေါ်တွင် တစိုက်မတ်မတ်လျှောက်လှမ်းလာခဲ့ကြရာ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းလာသည်မှာ မငြင်းနိုင်သောအချက်ဖြစ်သည်။ သို့သော် လွတ်လပ်စွာ စီးပွားရှာဖွေမှုနှင့်အတူ ပုဂ္ဂလိကအကျိုး၊ အများအကျိုး၊ နိုင်ငံအကျိုး မျှတစွာ ဖြစ်ထွန်းမှုသည်သာ ဈေးကွက်စီးပွားရေးစနစ်၏ အနှစ်သာရအမှန်ဖြစ်သည်။
လက်ရှိကာလ မြန်မာနိုင်ငံ၌ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိရာတွင် ပုဂ္ဂလိကကဏ္ဍများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံပိုင်ကဏ္ဍများမှလည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံဈေးကွက်စီးပွားရေးစနစ်သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသလို အကြောင်းအမျိုးမျိုးဖြင့် ကုန်စည်ဈေးနှုန်းများ တစ်နေ့တခြားမြင့်မားလာသည်ကို တွေ့ရမည်ဖြစ်သည်။ ဈေးကွက်စီးပွားရေးစနစ်တွင် အများပြည်သူအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရန်လိုသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးနှင့် စားသုံးသူအကျိုးစီးပွားရှေးရှုရေးအတွက် အများပိုင်အစုအဖွဲ့များ စုပေါင်းဆောင်ရွက်သည့်စနစ်သည် အသင့်လျော်ဆုံးဖြစ်ကြောင်း တွေ့ရသည်။
အဆိုပါစနစ်သည် စုပေါင်းဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်ကြသည့် သမဝါယမစနစ်ဖြစ်သည်။ သမဝါယမစနစ်သည် စိတ်ဆန္ဒ၊ ရည်ရွယ်ချက် တူညီကြသည့် လုပ်ငန်းရှင်များအချင်းချင်း၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများအချင်းချင်း စုဖွဲ့ဆောင်ရွက်သည့် အသင်းအဖွဲ့စနစ်တစ်ခုဖြစ်သည်။ ပုဂ္ဂလိကတစ်ခုချင်းအလိုက် ဆောင်ရွက်ကြသလို ပုဂ္ဂလိကအစုအဖွဲ့အလိုက် စုပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ လူအများဖြင့် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် စုပေါင်းဆောင်ရွက်နိုင်မှုစွမ်းပကားနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏများ ကျယ်ပြန့်လာသဖြင့် စီးပွားရေးအောင်မြင်မှုအလားအလာကောင်းများ ရရှိလာနိုင်သည်။ အကျိုးအမြတ်ခံစားမှုမှာ မကြီးမားသော်လည်း အများပြည်သူအကျိုးခံစားမှုမှာ ကျယ်ပြန့်လာသည်။
ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသောနိုင်ငံများတွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရက ပါဝင်ဆောင်ရွက်နိုင်သည့်လုပ်ငန်းနှင့် အစိုးရက ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိသောလုပ်ငန်းများရှိသည်။ ပုဂ္ဂလိကကဏ္ဍတွင် တစ်ဦးပိုင်ဆောင်ရွက်ကြသောလုပ်ငန်းများနှင့် အများပိုင်ဆောင်ရွက်ကြသော လုပ်ငန်းများလည်းရှိသည်။ အများစုပေါင်းဆောင်ရွက်ကြသော လုပ်ငန်းများသည် သမဝါယမပင်ဖြစ်သည်။ စုပေါင်းဆောင်ရွက်မှုဖြင့် အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်ရေးတွင် သမဝါယမစနစ်သည် သင့်လျော်သည့် စနစ်တစ်ခုဖြစ်သည်။ လက်ရှိကာလတွင် ကုန်စည်ဈေးနှုန်းများ မြင့်မားနေသည့်အခါ၌ အများပြည်သူစားသုံးသူတို့ အဆင်ပြေချောမွေ့စေရေးအတွက် ဆောင်ရွက်ပေးရာတွင် သမဝါယမစနစ်သည် အထောက်အပံ့တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။
နယ်မြေဒေသအလိုက် သမဝါယမအသင်းများဖွဲ့စည်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို မျိုး၊ မြေ၊ ရေ၊ နည်း ဤလေးချက်ဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်သည်။ ထိုမှတစ်ဆင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်လုပ်ငန်းများကို အခြေခံသည့် စက်ရုံ၊ အလုပ်ရုံများ ထူထောင်နိုင်လျှင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာပြီး အများပြည်သူ လူမှုစီးပွားဘဝ မြင့်မားလာမည်ဖြစ်သည်။ ထိုကဲ့သို့လုပ်ငန်းများကို စုပေါင်းဆောင်ရွက်မည်ဆိုလျှင် နိုင်ငံတော်အနေဖြင့် အရင်းအနှီး၊ နည်းပညာနှင့် အခြားလိုအပ်သည်များကို ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ထူထောင်ဖွဲ့စည်းလုပ်ကိုင်ရမည့်အရေးမှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် စသည်တို့ များစွာလိုအပ်သည်။ ယခုအခါ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်ကူညီပေးနေချိန်တွင် ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် တိုင်းရင်းသားလုပ်ငန်းရှင်များ စုပေါင်းဆောင်ရွက်သည့် သမဝါယမအသင်းများ ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။