မိမိတို့နိုင်ငံ၏ မြေပေါ်မြေအောက်တွင်ရှိနေသော ရှေးဟောင်းအမွေအနှစ်များသည် နိုင်ငံနှင့်လူမျိုးတို့၏ သမိုင်းစဉ်တစ်လျှောက် ခေတ်အဆက်ဆက်တွင် ပြောင်းလဲတည်ရှိလာခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်းသက်သေများဖြစ်သည့်အလျောက် မပျောက်မပျက်အောင် လက်ဆင့်ကမ်းထိန်းသိမ်းသွားကြရန်လိုသည်။ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များ၊ စစ်မက်ဘေးနှင့် လူတို့၏ပယောဂများကြောင့် ရှေးဟောင်းအမွေအနှစ်များပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းသည် နိုင်ငံနှင့်လူမျိုးတို့အတွက် အစားထိုး၍မရနိုင်သော အဖိုးတန်သမိုင်းမှတ်တမ်းများ ပျောက်ကွယ်သွားရခြင်းပင်ဖြစ်ရာ ရှေးဟောင်းအမွေအနှစ်များ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်းတို့မှာ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့် အမျိုးသားရေးတာဝန်များပင်ဖြစ်သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အစောဆုံးသော မြို့ပြများ၊ အကြီးကျယ်အခမ်းနားဆုံးသောမြို့ပြများ ထူထောင်နိုင်ခဲ့သော သမိုင်းရှိသည့် နိုင်ငံဖြစ်သည်။ သမိုင်း၏သက်သေများဖြစ်သည့် နန်းတော်ရာများ၊ မြို့ရိုးများ၊ ကျုံးများမှာမူ အချိန်ကာလ၏ တိုက်စားမှုနှင့် အခြားအကြောင်းတရားများစွာတို့ကြောင့် မထင်မရှားပျောက်ကွယ်နေခဲ့ကြရသည်။ နိုင်ငံတစ်ဝန်း တည်ရှိခဲ့သည့် ရှေးဟောင်းနန်းတော်များအနက် မန္တလေး၊ ရွှေဘို၊ ပဲခူး၊ ပုဂံ နန်းတော်များကို ၁၉၈၈-၂၀၁၀ တပ်မတော်အစိုးရလက်ထက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအစီအစဉ်ဖြင့် ပြန်လည်ဖော်ထုတ်၍ ပုံစံတူတည်ဆောက်ခဲ့ခြင်းကြောင့် နှောင်းလူတို့လေ့လာခွင့်ရရှိခဲ့ကြသည်။ မိမိတို့နိုင်ငံသည် သမိုင်းမတင်မီခေတ်များဖြစ်သော ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်နှင့် သမိုင်း တင်သည့်ခေတ်ဖြစ်သော ပျူခေတ်မှသည် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည့်ခေတ်အဆက်ဆက်တို့မှ ရှေးဟောင်းအမွေအနှစ်များ ကြွယ်ဝစွာပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ နိုင်ငံအနှံ့အပြားတွင် တည်ရှိနေသည့် ရှေးဟောင်းအမွေအနှစ်များမှာ ပျက်စီးဆုံးရှုံးမှုများရှိနေသလို ခိုးယူမှုများကြောင့် ပျောက်ဆုံးမှုများလည်းရှိနေသည်။
ခိုးယူ၍ မရနိုင်သည့် နန်းတော်ရာများ၊ မြို့ရိုးများနှင့်ကျုံးများမှာ ကျူးကျော်ဝင်ရောက်နေထိုင်မှုများနှင့် ခေတ်အဆက်ဆက်တို့တွင် ဖျက်ဆီးမှုများ၊ မဆင်မခြင်အသုံးပြုမှုများကြောင့် ပျောက်ကွယ်လုနီးနီးဖြစ်နေကြသည်။ မိမိတို့၏ အိမ်နီးချင်း နိုင်ငံများတွင် ၎င်းတို့၏ ရှေးဟောင်းအမွေအနှစ်များဖြစ်သည့် နန်းတော်များ၊ ကျုံးများ၊ မြို့ရိုးများကို ကောင်းစွာထိန်းသိမ်းထားနိုင်ကြသည်မှာ လေးစားအတုယူဖွယ်ရာပင်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်များကို ယူထားစဉ်ကာလအတွင်း ရှေးဟောင်းအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမှုများကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိရာ ပဲခူးဟံသာဝတီမြို့ရိုးနှင့် ကျုံးများဖော်ထုတ်ထိန်းသိမ်းမှု၊ ပုဂံနန်းတော်ကျုံးများ ပြန်လည်တူးဖော်မှုနှင့် ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်မှု၊ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုတို့ ဆောင်ရွက်လျက်ရှိသည့်အပြင် မန္တလေးနန်းတော် မင်္ဂလာတံတားဖြစ်သည့် စည်ရှည်တံတားကို ရှေးမူမပျက် ပြန်လည်တည်ဆောက်ရေး၊ တောင်ငူနန်းတော်ရာနှင့် ကေတုမတီမြို့ရိုး ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။
မိမိတို့နိုင်ငံသည် ရှည်လျားသည့် သမိုင်းနောက်ခံနှင့်အတူ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့်အလျောက် ရှေးဟောင်းအမွေအနှစ်များစွာတို့က အထောက်အထားများအဖြစ် ရှိနေကြသည်ကို နိုင်ငံသားတိုင်းက ဂုဏ်ယူကြရမည်ဖြစ်သကဲ့သို့ မိမိပိုင် ပစ္စည်းများနည်းတူ ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ ယဉ်ကျေးမှုဟူသည် လူမျိုးတို့၏ ကိုယ်ပိုင်လက္ခဏာများပင်ဖြစ်ပြီး ယဉ်ကျေးမှုပျောက်ကွယ်ပါက လူမျိုးလည်းပျောက်ကွယ်မည် ဖြစ်သည်။ သမိုင်းကြောင်းတစ်လျှောက်တည်ရှိခဲ့သည့် အဆင့်အတန်းမြင့်မားလှသော ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရာတွင် နိုင်ငံသူနိုင်ငံသားတိုင်း ပါဝင်ကြရပါမည့်အကြောင်း။ ။