Skip to main content

အများအတွက် တစ်ယောက် တစ်ယောက်အတွက် အများ

မြန်မာနိုင်ငံတွင် သမဝါယမစနစ်တည်ရှိခဲ့သည်မှာ လာမည့်နှစ်ဆိုလျှင် နှစ်ပေါင်း ၁၂၀ တင်းတင်းပြည့်ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံးသော သမဝါယမအသင်းအဖြစ် ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖွဲ့စည်းမှတ်ပုံတင်ခဲ့သည့် မြင်းမူမြို့နယ် ငွေစုငွေချေးသမဝါယမအသင်းမှ အစပြုခဲ့သော သမဝါယမစနစ်သည် ခေတ်အဆက်ဆက်တွင် အနိမ့်အမြင့်၊ အတက်အကျများဖြင့် ဆက်လက်ရှင်သန်နေခဲ့ရာ ယနေ့ထိတိုင်ပင်ဖြစ်သည်။

သမဝါယမအသင်းများသည် လူအချင်းချင်းပူးပေါင်းပြီး ပါဝင်သူများ၏ လူမှုရေးနှင့်စီးပွားရေးကို မြှင့်တင်ပေးနိုင်ရန်ဆောင်ရွက်သည့် အသင်းအဖွဲ့များဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရာတွင် လူကိုအခြေခံထားပြီး လူ၏တန်ဖိုးများကို အလေးထားသည့် လူ့ကျင့်ဝတ်များကို ထိန်းသိမ်းလိုက်နာစေသည့် လူမှုစီးပွားရေး(Social Economy) ပူးပေါင်းဆောင်ရွက်မှုအသင်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်သည်။ မျက်မှောက်ကာလတွင် မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်သည်။ နိုင်ငံတွင်ပြောင်းလဲလာသည့် ခေတ်စနစ်၊ ဥပ‌ဒေတို့နှင့်အညီ စိတ်တူကိုယ်တူ ဆန္ဒတူများဖြင့် ပူးပေါင်းပါဝင်သည့် သမဝါယမအသင်းများကို အသင်းသားများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းပေးခြင်း၊ အမှုဆောင်အဖွဲ့ကိုလည်း ဒီမိုကရေစီနည်းလမ်းကျကျဖြင့် ရွေးချယ်တင်မြှောက်ခြင်း၊ သမဝါယမအသင်းသည် NGO (Non- Governmental Organization) ဖြစ်သည်နှင့်အညီ စီးပွားရေးလုပ်ငန်းများကိုလည်း အသင်းသားများ၏ ဆန္ဒနှင့်အညီ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ခြင်း စသည်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

ဇူလိုင် ၂၉ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အသင့်လျော်ဆုံးဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ခြင်းနှင့်စပ်လျဉ်း၍ ခေတ်နောက်ပြန်ဆွဲခြင်းဖြစ်ကြောင်း၊ အောင်မြင်မှုရရှိမည်မဟုတ်ကြောင်း စသည်ဖြင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ခေတ်နောက်ပြန်ဆွဲခြင်းဆိုသည်မှာ လမ်းစဉ်ပါတီခေတ်တွင် ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်ခဲ့သည့် စီမံကိန်းချစီးပွားရေး၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်ခဲ့ရသည့် သမဝါယမစီမံကိန်းကိုလည်းကောင်း၊ ရပ်ရွာနေပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ရသည့် စားသုံးသူသမဝါယမအသင်းများ၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှု၊ အမှုဆောင်အချို့၏ အကျင့်ပျက်ခြစားမှု၊ အသင်း၏ ရည်ရွယ်ချက်များကို အပြည့်အဝအကောင်အထည်မဖော်နိုင်မှု စသည်တို့အပါအဝင် အသင်းသားပြည်သူတို့ စိတ်ကျေနပ်မှုမရရှိခဲ့ခြင်းတို့ကိုလည်းကောင်း အဓိကရည်ညွှန်းခြင်းဖြစ်သည်။ စင်စစ်လမ်းစဉ်ပါတီခေတ် သမဝါယမသည် ထိုခေတ်နှင့်အတူ ကျန်ရစ်ခဲ့ပြီဖြစ်ပြီး ခေတ်ပြောင်း၊ စနစ်ပြောင်း၊ ဥပဒေပြောင်းတွင် သမဝါယမလည်း ပြောင်းလဲခဲ့ပြီဖြစ်ရာ ပြည်သူလူထုအတွင်း သမဝါယမစနစ်နှင့်စပ်လျဉ်း၍ မှန်ကန်စွာ သိနားလည်လာစေရန်နှင့် လုပ်တတ်ကိုင်တတ်လာစေရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြဖို့လိုသည်။

လက်ရှိမိမိတို့နိုင်ငံတွင် သမဝါယမအသင်းပေါင်း ၃၉၀၀၀ ကျော် ဖွဲ့စည်းဆောင်ရွက်နေပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၈၁ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၁၁ ရာခိုင်နှုန်း၊ ကုန်သွယ်မှုကဏ္ဍတွင် ၈ ရာခိုင်နှုန်း လုပ်ကိုင်နေကြသည်။ နိုင်ငံ၏ လက်ရှိအခြေအနေအရ အသေးစားစီးပွားရေးလုပ်ငန်းများ ကြီးထွားလာစေရန်မှာ လုပ်ငန်းတူရာများစုပေါင်း၍ သမဝါယမအဖြစ် ဖွဲ့စည်းဆောင်ရွက်ခြင်းအားဖြင့် ဥပဒေ၊ နည်းဥပဒေအရ၊ လုပ်ပုံကိုင်ပုံနည်းစနစ်အရ၊ စာရင်းဇယားထားသိုမှု၊ စာရင်းစစ်ဆေးမှုတို့အရ စနစ်ကျနခိုင်မာသည့် အားသာချက်များရရှိနိုင်သည်။ ထို့အပြင် ငွေကြေးအရင်းအနှီးရရှိရေး၊ ဈေးကွက်ရရှိရေးတို့အတွက်လည်း အခွင့်အလမ်းကောင်းများရရှိနိုင်မည်ဖြစ်ရာ “အများအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အများ”ဟူသော သမဝါယမစနစ်ဖြင့် တက်ညီလက်ညီ အတူတကွ ပူးပေါင်းဆောင်ရွက်ပါက အချိန်တိုတိုအတွင်း အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း။ ။