Skip to main content

ကူးစက်ရောဂါမဖြစ်ပွားစေရေး အသိ၊ သတိဖြင့် ကြိုတင်ကာကွယ်

ပြီးခဲ့သည့်နှစ်များက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံး ကြောက်မက်ဖွယ်ကောင်းသော ကိုဗစ်-၁၉ကပ်ရောဂါဆိုးကြီးကို ကြုံတွေ့ခဲ့ကြရသည်။ တစ်ကမ္ဘာလုံးအား အန္တရာယ်ပေးလာနိုင်သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် အသိပေးထုတ်ပြန်ကြေညာပြီး ရောဂါကာကွယ်ကုသထိန်းချုပ်ရေးကို အပြင်းအထန်ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါရောဂါမှာ ကင်းစင်သလောက်ရှိပြီဖြစ်သည်။

ယခုတစ်ဖန် ကူးစက်တတ်သော Mpox ဆိုသည့် မျောက်ကျောက်ရောဂါတစ်မျိုး ကမ္ဘာပေါ်ရှိနိုင်ငံအချို့တွင် ဖြစ်ပွားလာသည်ကိုတွေ့ရသည်။ မျောက်ကျောက်ရောဂါကို ကွန်ဂိုနိုင်ငံ၌ ၁၉၇၀ ပြည့်နှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ဗဟိုအာဖရိကနှင့် အနောက်အာဖရိကတွင် ပုံမှန်အနေအထားဖြင့် ကူးစက်ဖြစ်ပွားလေ့ရှိသော ရောဂါအဖြစ်ရှိခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ်တွင် အခြားနိုင်ငံများသို့ ကူးစက်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်ပွားခဲ့၍ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာပြီး တုံ့ပြန်ဆောင်ရွက်ခဲ့ရာ ဖြစ်ပွားမှုသိသာစွာကျဆင်းလာသဖြင့် ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အရေးပေါ်အခြေအနေမှ ရုပ်သိမ်းခဲ့သည်။

ယခု ၂၀၂၄ ခုနှစ်အတွင်း ကွန်ဂိုနိုင်ငံနှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်း၊ မျောက်ကျောက်ရောဂါမျိုးကွဲသစ်သည် ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် လျင်မြန်စွာကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာတွင် ကူးစက်ပျံ့နှံ့မှုများရှိနေသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် မျောက်ကျောက်ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် အသိပေးကြေညာခဲ့သည်။ အဆိုပါကူးစက်တတ်သော မျောက်ကျောက်ရောဂါကို ကပ်ရောဂါအသွင်အဖြစ် အရေးပေါ်ကြေညာခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကဲ့သို့ စိုးရိမ်ဖွယ်ရာအခြေအနေမဟုတ်သည်ကို ဦးစွာသိရှိထားရမည်ဖြစ်သည်။

မျောက်ကျောက်ရောဂါဆိုသည်မှာ တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်စေနိုင်သည့် တိရစ္ဆာန်ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်စေနိုင်ပါသည်။ ရောဂါကူးစက်ဖြစ်ပွားသည့်အခါ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ပြန်ရည်အိတ်များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များထွက်ခြင်း သို့မဟုတ် အဖုအပိမ့်များ၊ အရည်ကြည်ဖုများ ထွက်ခြင်းတို့ကို အများစုတွေ့ရတတ်သည်။ လူနာတစ်ယောက်စီတွင် အဖုအပိမ့် အနည်းငယ်မှအရေအတွက် ထောင်နှင့်ချီကာ မျက်နှာ၊ လက်၊ ခြေဖဝါး စသည့်နေရာများစွာတွင် တွေ့ရတတ်သည်။ ရောဂါမှာနှစ်ပတ်မှ လေးပတ်အထိ ကြာမြင့်တတ်ပြီး ဆေးကုသရန်မလိုဘဲ ပျောက်ကင်းတတ်သည်။ သို့သော်အချို့မှာ နောက်ဆက်တွဲရောဂါများကြောင့် အသက်သေဆုံးတတ်ပြီး ကလေးငယ်များနှင့် ခုခံအားကျဆင်းနေသူများတွင် ရောဂါပိုမိုပြင်းထန်ပြီး အန္တရာယ်ရှိနိုင်သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မျောက်ကျောက်ရောဂါအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ပထမအကြိမ် ထုတ်ပြန်ကြေညာခဲ့စဉ်ကပင် ဖျားခြင်းနှင့် အနီစက်/အရည်ကြည်ဖုထွက်ခြင်းတို့အား ရောဂါလက္ခဏာစောင့်ကြည့်သည့် လုပ်ငန်းများအဖြစ် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပထမအကြိမ် အရေးပေါ်အခြေအနေ ဖြေလျှော့ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ရောဂါလက္ခဏာ စောင့်ကြည့်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်မှ လက်ရှိကာလအထိ သံသယလူနာများ၏ ဓာတ်ခွဲနမူနာ ၁၂၉ ခုအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာတွင် မျောက်ကျောက်ရောဂါ အတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှမရှိကြောင်း သိရသည်။

မျောက်ကျောက်ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၌ ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် မျောက်ကျောက်ရောဂါကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုအား ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူနာတွေ့ရှိပါက ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် သီးခြားလူနာဆောင်များ၊ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိခြင်း၊ ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေးအသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ ပြည်သူလူထုအနေဖြင့် ယခုဖြစ်ပွားနေသော မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ စိုးရိမ်မှုလွန်လွန်ကဲကဲ ဖြစ်စရာမလိုသော်လည်း ရောဂါကူးစက်ဖြစ်ပွားသူ လူနာမှတစ်ဆင့် အဓိကကူးစက်နိုင်သည်ကိုသတိမူပြီး လူတစ်ဦးချင်းအလိုက် တစ်ကိုယ်ရေရောဂါကာကွယ်ရေး အသိ၊ သတိတို့ဖြင့် ပြုမူနေထိုင် ကာကွယ်ထားနိုင်ရန် အကြံပြုအပ်ပါကြောင်း။ ။