ကျန်းမာခြင်းသည်လာဘ်တစ်ပါးဖြစ်သည်။ ကျန်းမာကြံ့ခိုင်မှသာ အရာရာကိုအကောင်အထည်ဖော်နိုင်ပြီး လိုအင်ဆန္ဒများ ပြည့်ဝနိုင်မည်ဖြစ်သည်။ ကျန်းမာကြံ့ခိုင်ရန်အတွက် မျိုးကောင်းမျိုးသန့် အပင်သန်ဆိုသကဲ့သို့ မွေးဖွားစအရွယ် သန္ဓေတည်သည်မှစ၍ နုနယ်ပျိုမျစ်သည့်အရွယ်တစ်လျှောက် ကောင်းစွာစောင့်ရှောက် အလေးထား ပြုစုပျိုးထောင်ပေးနိုင်ရန် လိုအပ်သည်။
ကျန်းမာခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်စုမှစ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်သည်အထိ အရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ်သည်။ ကျန်းမာကြံ့ခိုင်ရန်အတွက် နေ့စဉ်စားသုံးနေသော အစားအစာများသန့်ရှင်းပြီး လိုအပ်သည့်အာဟာရဓာတ်များ ပြည့်ဝနေရန်လိုအပ်သည်။ ပြည့်ဝသောအာဟာရဓာတ်များကို စတင်သန္ဓေတည်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးကင်းစကလေးငယ်များ၊ အသက်ငါးနှစ်အောက် ကလေးငယ်များမှသည် ငယ်ရွယ်သည့်ကလေးသူငယ် ကျောင်းသား ကျောင်းသူများအားလုံးကို စဉ်ဆက်မပြတ် ပုံမှန်ကျွေးမွေးပြုစုသွားရန် လိုအပ်သည်။
ထို့ကြောင့် ပြည်သူလူထုအတွင်း အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိလာစေရန်၊ အာဟာရဖွံ့ဖြိုးမှုကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်လာစေရန်အတွက် နှစ်စဉ်ဩဂုတ်လတွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးသီတင်းပတ် အခမ်းအနား လှုပ်ရှားဆောင်ရွက်မှုများကို နိုင်ငံတစ်ဝန်း၌ ကျင်းပနေသည်ကို မြင်တွေ့ရသည်။ ကျန်းမာကြံ့ခိုင်သည့် လူ့ဘောင်လောကကို တည်ဆောက်နိုင်ရန်အတွက် အခြေခံကျသည့် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးသည့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် အားလုံးပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ် ဩဂုတ်လပထမပတ်တွင် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယပတ်တွင် ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို ကျင်းပပြုလုပ်ခဲ့ပြီး ယခုတတိယပတ်နှင့် စတုတ္ထပတ်တို့တွင် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ အိုင်အိုဒင်းချို့တဲ့ ရောဂါများပပျောက်ရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိသည်။ လူတိုင်းလူတိုင်း ကျန်းမာကြံ့ခိုင်ရေးအတွက် လူသားမဖြစ်လာမီ သန္ဓေတည်စဉ်ကတည်းက အရေးကြီးသဖြင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများကို ဦးစွာအာဟာရပြည့်ဝအောင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့နောက် မွေးကင်းစကလေးသူငယ်များနှင့် မိခင်များအာဟာရပြည့်ဝရေးအတွက် မြို့နယ်အလိုက် ကျေးလက်များပါမကျန် ဖြန့်ကြက်ဖြည့်ဆည်းပေးခဲ့သည်။ တစ်ဆက်တည်းတွင် အသက်ငါးနှစ်အောက်ကလေးငယ်များနှင့် ငယ်ရွယ်သူ ကျောင်းသား ကျောင်းသူကလေးများ အာဟာရပြည့်ဝရေးအတွက် ကွင်းဆင်းဖြည့်ဆည်းပေးခဲ့သည်။ ကျောင်းအခြေပြု ကျောင်းကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးခြင်းသည် အမျိုးသားရေးတာဝန်တစ်ရပ်ပင်ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းကျန်းမာရေးဆိုင်ရာ သင်တန်းများ၊ ဆေးနှင့် ဆေးပစ္စည်းများပံ့ပိုးပေးခြင်း၊ နည်းပညာပံ့ပိုးပေးခြင်း၊ ကျောင်းအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျန်းမာရေး အသိပညာပေး အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်ပံ့ပိုးပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ အခြေခံပညာမူလတန်းကျောင်းသားများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို အထွေထွေကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၈၅ ရာခိုင်နှုန်းကျော်ကိုလည်း ကျောင်းအခြေပြု ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းသား ကျောင်းသူများ၏ ၉၅ ရာခိုင်နှုန်းကျော်ကို သန်ချဆေးများ တိုက်ကျွေးပေးခဲ့သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “ဗလငါးတန်ဖွံ့ဖြိုးရေး၊ ကျောင်းကျန်းမာရေး အလေးပေး” ဆိုသည့်အတိုင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကကျသည့် လူ့စွမ်းအားအရင်း အမြစ်များဖြစ်သည့် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်စပ်အဖွဲ့အစည်းများပူးပေါင်းပြီး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အထက်တန်းနှင့် အလယ်တန်းကျောင်းသူများအား သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံများ ငယ်ရွယ်သူကျောင်းသူ ကျောင်းသားအရွယ်တွင် သိရှိစွဲမြဲလာအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကျန်းမာရေးသီတင်းပတ်လှုပ်ရှား ဆောင်ရွက်မှုများကို သားလောင်းသန္ဓေတည်သည့်အချိန်မှစ၍ အသက်အရွယ်အဆင့်ဆင့်အလိုက် လှုပ်ရှားဆောင်ရွက်ပေးခဲ့ရာတွင် နယ်မြေဒေသများအားလုံး လွှမ်းခြုံဖြန့်ကြက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့သလို ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်ပြုမူ လုပ်ကိုင်စားသောက်မှုပုံစံများပါ အသိပညာပေးစွဲမြဲရေးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်များဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။ ။