Skip to main content

ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေး

ယနေ့ မြန်မာနိုင်ငံရှိ ပြည်သူများ၏ အလိုလားဆုံးသောဆန္ဒမှာ ပြည်သူ့လုံခြုံရေးဖြစ်သည်။ တစ်နည်းအားဖြင့် ပြည့်စုံစွာဆိုရပါက ပြည်သူတို့၏လူမှုစီးပွားဘဝများ လုံခြုံရေးနှင့် နိုင်ငံတစ်ဝန်းလုံး အေးချမ်းသာယာရေးပင်ဖြစ်သည်။

ယခင်တပ်မတော်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းကာ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများပြုလုပ်ခြင်း စသည်တို့ပြုလုပ်ခဲ့သည့်အချိန်မှစပြီး နိုင်ငံတစ်ဝန်းအေးချမ်းသာယာစွာ ဆယ်စုနှစ်သုံးခုစာခန့်ရှိခဲ့သည်။ တောင်ပေါ်မြေပြန့် နယ်စွန်နယ်ဖျား ဒေသများအားလုံး အပြန်အလှန်ဥဒဟိုဝင်ထွက်သွားလာနိုင်ခဲ့ကြသည်။ လမ်းပန်းဆက်သွယ်ရေး၊ သွားလာရေးတို့လွယ်ကူလျင်မြန်ခဲ့သည်။ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်ရာ အလားအလာကောင်းများလည်းရှိခဲ့သည်။ သို့ရာတွင် မိမိတို့၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုသည့် ပြည်ပနိုင်ငံများ၏ ပိတ်ဆို့မှု၊ ဟန့်တားနှောင့်ယှက်မှု၊ ပြည်တွင်းအဖျက် အမှောင့်များ၏ ဖျက်လိုဖျက်ဆီးပြုမှုများကြောင့် တိုးတက်သင့်သလောက်မတိုးတက်နိုင်ခဲ့။ ပြည်တွင်းအားကိုအခြေပြု၍ ကိုယ့်အားကိုယ်ကိုးကာ အဟန့်အတား၊ အနှောင့်အယှက်များကြားမှ နိုင်ငံကို တည်ဆောက်ပြုပြင်ခဲ့ရခြင်းဖြစ်သည်။

လက်ရှိကာလတွင်မူ မိမိတို့နိုင်ငံသည် အရေးပေါ်ကာလ အခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရပြီး ပြည်တွင်းဒေသ အနှံ့အပြားတို့တွင် လုံခြုံရေးထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်အပေါ်တွင် မကျေနပ်မှုများကိုအကြောင်းပြုကာ ဖြစ်ပေါ်လာသည့် လက်နက်ကိုင်အကြမ်းဖက်မှုများက ဒေသအလိုက် လုံခြုံရေးပိုင်းဆိုင်ရာ ထိခိုက်မှုများကို ဖြစ်ပေါ်စေသည်။ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများက ၎င်းတို့ကို ဆန့်ကျင်ရှုတ်ချသူများကိုသာမက သာမန်အားဖြင့် မထောက်ခံသူများ၊ အေးချမ်းစွာ နေထိုင်လိုသူများကိုပါ ရန်သူအဖြစ်သတ်မှတ်ကာ လုပ်ကြံစွပ်စွဲသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြရာ ရဟန်းသံဃာများ၊ သီလရှင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ အဖွဲ့ဝင်များ၊ ပညာရေး၊ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေး၊ လျှပ်စစ် စသည်တို့အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် သာမန်ပြည်သူများ ထောင်နှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရသည်။

အကြမ်းဖက်အဖျက်သောင်းကျန်းသူများက မြို့များ၊ ရွာများတွင်ဝင်ရောက်၍ ပြည်သူလူထုကို အကာအကွယ်ပြုကာ တိုက်ကွက်‌ဖော်မှုများကြောင့် မြို့ရွာများ ပြာကျပျက်စီးခဲ့ရသည့်အပြင် ဒေသခံပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများလည်း ပျက်စီးဆုံးရှုံးကြရသည်။ ယခုအခါ မြို့ရွာများ၊ လုံခြုံရေး၊ ပြည်သူလူထုလုံခြုံရေးတို့ ထိခိုက်မှုများဖြစ်ပေါ်လာသည့်အပေါ် မခံမရပ်နိုင်သည့်ပြည်သူများက ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်တစ်ရပ် ခိုင်ခိုင်မာမာတည်ဆောက်ပေးရန် လိုလားလျက်ရှိလာကြသည်ကို တွေ့မြင်ကြားသိနေကြရပြီဖြစ်သည်။

“တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့်ဆက်လက်ရပ်တည်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံအားမူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိရန်အတွက် လုပ်ဆောင်သင့်သည်များကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်နှင့်လူမျိုးအပေါ် အမှန်တကယ်နားလည်သူများရှိပြီး ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများရှိရန်လိုကြောင်း၊ ထို့ကြောင့် ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူပါသည့်လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံ‌ရေးစနစ်တွင် ပြည်သူများပါဝင်ပါက တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများကောင်းမွန်လာပြီး မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။” နိုင်ငံတော် အကြီးအကဲက မန္တလေးတိုင်းဒေသကြီးတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ရာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ပြည်သူ့လုံခြုံရေးစနစ် တည်ဆောက်ရာတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ကြရပါမည့်အကြောင်း။ ။