Skip to main content

အမျိုးသားအားကစားပွဲတော်ကြီး အနှစ်သာရပြည့်ဝစွာကျင်းပနိုင်ရေး

နိုင်ငံတစ်နိုင်ငံ၏ အားကစားအောင်မြင်မှုက ထိုနိုင်ငံ၏ လူမှုအဆင့်အတန်းမြင့်မားမှုကို ပြသခြင်းပင်ဖြစ်သည့်အလျောက် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုမြင့်မြင့်မားမားရရှိနိုင်ရေးအတွက် နိုင်ငံတိုင်းကကြိုးပမ်းကြသည်။ မြန်မာနိုင်ငံသည် တစ်ခေတ်တစ်ခါက ဘောလုံးအပါအဝင် အားကစားနည်းအများအပြားတို့တွင် အောင်မြင်မှုများစွာ ရရှိခဲ့ဖူးသည့် မှတ်တမ်းများရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် အောင်မြင်မှုတို့ ကြိုးကြားကြိုးကြားမျှသာ တွေ့ခွင့်ရကြတော့သည်။

စင်စစ်အားဖြင့် အားကစားနည်းများအလိုက် ရေရှည်အောင်မြင်မှုရရှိနိုင်ရန်မှာ တစ်ပွဲတိုး၊ တစ်ခဏကာလတိုမျှ ဆောင်ရွက်၍မရဘဲ မှန်ကန်သည့် လုပ်ငန်းစဉ်များချမှတ်၍ စဉ်ဆက်မပြတ်၊ တစိုက်မတ်မတ်ဆောင်ရွက်နေရမည်ဖြစ်သည်။ အားကစားလှုပ်ရှားမှုများတွင် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများ စိတ်ဝင်တစားပါဝင်လာစေရန်ဆောင်ရွက်ခြင်း၊ မျိုးဆက်သစ်လူငယ်များ အားကစားတွင် ပါဝင်လာရေးအတွက် အခြေခံပညာကျောင်းများနှင့်တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမှုနှင့်အတူ အားကစားကိုပါ ပေါင်းစပ်သင်ကြားပေးခြင်း၊ လူထုအားကစားအတွက် ရပ်ကွက်ကျေးရွာအလိုက်၊ မြို့နယ်အလိုက် အားကစားကွင်း၊ အားကစားရုံများ၊ အားကစားပစ္စည်းများဖော်ဆောင်ပေးခြင်း၊ အားကစားဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့်အခြေအနေနှင့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရန် ဖန်တီးပေးခြင်း၊ အားကစားထူးချွန်မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်စေရန် အားကစားပြိုင်ပွဲများ ပုံမှန်ကျင်းပပေးခြင်း စသည်ဖြင့် လုပ်ငန်းစဉ်များဆောင်ရွက်ပေးနေရန် လိုအပ်သည်။

အမျိုးသားအားကစားပြိုင်ပွဲများကို အားကစားထူးချွန် မျိုးဆက်သစ်များပေါ်ထွက်လာပြီး အရှေ့တောင်အာရှ၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်အထိ အောင်မြင်မှုများရရှိနိုင်ရန် ရည်ရွယ်၍ ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း လေးကြိမ်ကျင်းပနိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ်နှင့် ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ် ကျင်းပခဲ့ခြင်းဖြစ်ရာ နှစ်နှစ်တစ်ကြိမ် ပုံမှန်ကျင်းပခြင်းဖြင့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲများတွင် အဆင့်မြင့်မြင့်ယှဉ်ပြိုင်ကာ အောင်မြင်မှုမြင့်မြင့်မားမားရရှိနိုင်ရန်ဟူသော အနီးဆုံးရည်မှန်းချက်မှ စတင်အကောင်အထည်ဖော်သွားရမည်ဖြစ်သည်။

ယခုအခါ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို လာမည့်ဒီဇင်ဘာလအတွင်း ခမ်းခမ်းနားနား၊ စည်စည်ကားကားနှင့် အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီဖြစ်သည်။ အားကစားပွဲတော်၏ ရည်ရွယ်ချက်များမှာ နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန်ဟူ၍ဖြစ်ရာ အဆိုပါရည်ရွယ်ချက်များ ပြည့်စုံအောင်မြင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်၌ အားကစားနည်းခြောက်မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း ၂၃ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ ဖွင့်ပွဲပိတ်ပွဲအခမ်းအနားကြီးများ ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနား ကျင်းပနိုင်သည်နှင့်အညီ အားကစားနည်းအလိုက် ပြိုင်ပွဲများတွင်လည်း အရည်အသွေးအဆင့်အတန်းမြင့်မား စည်ကားသိုက်မြိုက်စွာ ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်စုဖွဲ့လေ့ကျင့်မှုများ အလေးထားအားထုတ်ပြုလုပ်ကြရပါမည့်အကြောင်း။ ။