နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော နိုင်ငံရေးဦးတည်ချက်တစ်ခုဖြစ်သည့် “ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး” အချက်ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးတာဝန်များကို အစိုးရနှင့်တပ်မတော်က ဆောင်ရွက်နေသလို ရပ်ရွာလုံခြုံရေးအတွက် ပြည်သူများအနေဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။
ရပ်ရွာနေပြည်သူများအနေဖြင့် မိမိတို့နေအိမ်တံခါးများကို သေချာစွာပိတ်ထားရုံမျှဖြင့် လုံခြုံစိတ်ချပြီဟု မဆိုနိုင်ပေ။ မြို့နယ်အလိုက် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများရှိသော်လည်း မိမိတို့လမ်း၊ မိမိတို့ရပ်ရွာလုံခြုံရေးကို ရပ်ခံရွာခံများ နိုးကြားစွာပါဝင်ဆောင်ရွက်ခြင်းဖြင့် ပိုမိုလုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်ဖြစ်သည်။ နိုင်ငံတွင် ပုံမှန်အခြေအနေမျိုးမဟုတ်ဘဲ အရေးပေါ်အခြေအနေမျိုး၌ မိမိတို့ရပ်ရွာကို မိမိတို့ကိုယ်တိုင် လုံခြုံအောင် ပါဝင်ဆောင်ရွက်သင့်သည်။ ရပ်ရွာလုံခြုံရေးကို အလေးမထားဘဲ ကိုယ်နှင့်မဆိုင်သလိုနေမိပါက အန္တရာယ်ကြုံလာလျှင် ဒုက္ခတွေ့နိုင်သည်ကို သတိချပ်သင့်သည်။
တစ်ချိန်သောကာလက မိမိတို့ရပ်ရွာကို ညီညီညွတ်ညွတ်စောင့်ရှောက်ကာကွယ်ခဲ့ကြသည့် အခြေအနေများရှိခဲ့ဖူးသည်။ အချို့ကျေးလက်များတွင် နေအိမ်များကို တံခါးပိတ်စရာပင် မလိုလောက်အောင် လုံခြုံမှုရှိခဲ့သည်။ ရပ်သူရွာသားများ၏ စည်းလုံးညီညွတ်မှုဖြင့် မီးဘေးမှအစ သူခိုးဓားပြအန္တရာယ်အမျိုးမျိုးတို့ကို ကာကွယ်နိုင်ခဲ့ကြသည်။ ယနေ့အချိန်အခါတွင် မိမိတို့ရပ်ရွာအတွင်း ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်ကာကွယ်ရေးဘက်တွင် အားနည်းနေသည်။ အန္တရာယ်ဖြစ်ပေါ်ပါက လုံခြုံရေးအဖွဲ့အစည်းများ၏ ကာကွယ်စောင့်ရှောက်ပေးနိုင်မှုအပေါ်တွင်သာ မူတည်နေသည်။ မိမိတို့ရပ်ရွာကို မိမိတို့ကိုယ်တိုင် လုံခြုံအောင်စောင့်ရှောက်ရပေမည်။
မျက်မှောက်ကာလ လုံခြုံရေးထိခိုက်မှုဖြစ်စဉ်များသည် နိုင်ငံရေးကိုအခြေခံ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မဲမသမာမှုကြောင့် အရေးပေါ်အခြေ အနေဖြစ်ပေါ်လာခြင်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ဖြင့် ဖြေရှင်းရန်ဆောင်ရွက်လာခြင်းကြောင့် ရပ်ရွာလုံခြုံရေး ထိခိုက်ခဲ့သည်။ ရပ်ရွာလုံခြုံရေးနှင့်ပတ်သက်၍ “ဒေသအလိုက် လူတစ်ဦးတစ်ယောက်ချင်းစီမှ လုံခြုံရေးအသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူ့လုံခြုံရေး People Securi-ty၊ Public Security နှင့်ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း” နိုင်ငံတော်အကြီးအကဲက မန္တလေးမြို့တော်ခန်းမတွင် ဩဂုတ်လ ၂၅ ရက်နေ့က ပြောကြားခဲ့သည်။
မိမိတို့နေထိုင်သည့် ဒေသ၊ ရပ်ကွက်၊ ကျေးရွာများအလိုက်၊ လမ်းအလိုက် လုံခြုံရေးစနစ်များ တည်ဆောက်၍ ဆောင်ရွက်မည်ဆိုပါက နယ်မြေဒေသလုံခြုံရေးအတွက် များစွာအကျိုးရှိ ထိရောက်စေမည်ဖြစ်သည်။ ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့ရပ်ရွာကို Check၊ Recheck ၊ Counter Check များပြုလုပ်၍ အပြန်ပြန်အလှန်လှန် စစ်ဆေးနေရန် လိုအပ်မည်ဖြစ်သည်။ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနှင့်အတူ ဒေသခံပြည်သူများလည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ကြရန်လိုမည် ဖြစ်သည်။
ရပ်ရွာလုံခြုံရေးနှင့်ပတ်သက်၍ ပုံမှန်လုံခြုံရေးလုပ်ငန်းစဉ်များအပြင် မိမိရပ်ရွာတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်သည့်အရေးမှ မိမိတို့နိုင်ငံ ပျက်စီးစေနိုင်သည့် ကြီးမားသည့်အရေးအထိ အသိစိတ်ဓာတ်ရှိစွာဖြင့် လုံခြုံရေးကို ကူညီဆောင်ရွက်ပေးရေးအပြင် ပြည်သူ့စစ်အသွင်ပုံစံမျိုးဖြင့်လည်း အဖျက်ရန်စွယ်အန္တရာယ်များကို တွန်းလှန်ကာကွယ်သွားကြရမည်ဖြစ်သည်။ တစ်ချိန်သောကာလက မြစ်ဝကျွန်းပေါ်ဒေသတွင် ပေါ်ပေါက်လာသော သောင်းကျန်းမှုအန္တရာယ်များကို ဒေသခံပြည်သူများ၏ ညီညွတ်သော ပြည်သူ့စစ်အသွင်ဖြင့် တွန်းလှန်တိုက်ဖျက်နိုင်သောကြောင့် အဖျက်အန္တရာယ်များ ချုပ်ငြိမ်းခဲ့သည့် သမိုင်းမှတ်တမ်းသည် အတုယူအားကျဖွယ်ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်ဖြင့် မိမိဒေသကို ကာကွယ်နိုင်ခဲ့သည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံကိုမူလအခြေအနေအတိုင်း ရောက်ရှိရေးအတွက် အစွမ်းကုန်ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်နှင့်လူမျိုးအပေါ် ကာကွယ်စောင့်ရှောက်ပေးရ မည်ဟု အမှန်တကယ်နားလည်သူများရှိသဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများ ရရှိလာရန်လိုသည်။ ထို့ကြောင့် ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူပါဝင်သည့် လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည်ဖြစ်သည်။ ပြည်သူ့လုံခြုံရေးစနစ်တွင် ပြည်သူများ တက်ညီလက်ညီ ပါဝင်လာပါက တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေး ပိုမိုကောင်းမွန်လာပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံအဖြစ် အေးချမ်းစွာရပ်တည်နေထိုင်နိုင်မည်ဖြစ်ပါကြောင်း။ ။