Skip to main content

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကျရာကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဩဂုတ်လ ၃၀ ရက်နေ့က နိုင်ငံတော်၏နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေး စသည်တို့နှင့်ပတ်သက်၍ နိုင်ငံတော်တွင်ဖြစ်ပေါ်နေမှုများ၊ နိုင်ငံတော်အစိုးရ၏ မျှော်မှန်းဆောင်ရွက်နေမှုများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ သိရှိနိုင်စေရန်အချိန်ယူ၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ကျရာတိုင်းဒေသကြီးမှတစ်ဆင့် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေး တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်လာရန်အတွက် ဒေသအလိုက်တာဝန်ယူ ဆောင်ရွက်နေကြသော အစိုးရအဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများသည် ရှေ့ဆောင်လမ်းပြဆောင်ရွက်ကြရသည့် အရေးပါသူများဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကချမှတ်ထားသော မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ အောင်မြင်အောင်အကောင်အထည်ဖော်ကြရသောသူများဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်စတင်ယူသည့်အချိန်တွင် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အပံ့များကို လျှော့ချခဲ့ကြသည်။ စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံပိုင်နိုင်ငံခြားငွေများသုံးစွဲရန် အခက်အခဲများဖြစ်ခဲ့သည်။ ယခင်ကပြည်ပမှရရှိခဲ့သည့် ဝင်ငွေများကိုကြည့်လျှင် ချေးငွေများ၊ ထောက်ပံ့ငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေများဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်အဆက်ဆက် ပြည်ပချေးငွေများကို တတ်နိုင်သမျှပြန်လည်ပေးဆပ်လျက်ရှိသည်။ ထိုသို့အခက်အခဲများအကြားမှ တိုင်းပြည်စီးပွားရေးပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

တိုင်းပြည်စီးပွား ပြန်လည်တိုးတက်ရန်အတွက် အဓိကအားဖြင့် ကုန်သွယ်မှုလုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ ကုန်သွယ်မှုတိုးတက်လာသဖြင့် ပြည်ပဝင်ငွေများရရှိလာသည်။ ထို့ကြောင့် ကုန်သွယ်မှုလုပ်ငန်းများတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများဖြစ်ထွန်းအောင်မြင်ပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းဟူသည့် နည်းလမ်းလေးမျိုးဖြင့် ဆောင်ရွက်သွားရန်လိုသည်။ အထွက်နှုန်းများ တိုးတက်ကောင်းမွန်လာမည်ဆိုပါက စိုက်ပျိုးသူတောင်သူများ ဝင်ငွေပိုမိုရရှိလာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် နိုင်ငံအတွက် ဝင်ငွေများရရှိပြီး နိုင်ငံ့စီးပွားရေးကို များစွာအထောက်အကူပြုမည်ဖြစ်သည်။ ပြည်ပသို့ ပို့ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်မှသာ နိုင်ငံခြားဝင်ငွေများတိုးတက်ရရှိလာပြီး နိုင်ငံတော်၏ စီးပွားရေးလည်းတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ ယခုအခါစပါးထွက်ရှိမှုနှင့် ဒေသဝမ်းစာများ၊ ဆီထွက်သီးနှံနှင့်ပဲမျိုးစုံများ ဖြစ်ထွန်းလျက်ရှိသည်။ စက်မှုကုန်ကြမ်းသီးနှံများကို နှစ်အလိုက်စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေပေးထားသည်။

စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် နှစ်သီးမှ သုံးသီး သီးထပ် စွမ်းအားတိုးမြှင့်နိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများက ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ မွေးမြူရေးလုပ်ငန်းများကိုလည်း ဒေသအလိုက် အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးမြင့်မားလာရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များ ဦးဆောင်မှုဖြင့် ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် နယ်ပယ်ကဏ္ဍအလိုက်မှ ပြည်သူများ၏ တက်ကြွစွာဆောင်ရွက်မှုများကြောင့် ဖွံ့ဖြိုးရေးနှင့် စီးပွားရေးအတိုင်းအတာ တစ်ခုအထိတိုးတက်အောင်မြင်မှုများ ရရှိလာခဲ့သည်။

နိုင်ငံတော်အကြီးအကဲက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအား ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးရာတွင် “နိုင်ငံတော်၏ စီးပွားရေးတိုးတက်လာပါက နိုင်ငံသူနိုင်ငံသားတို့၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ သာယာဝပြောမှုရှိလာမည်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းလာမည်ဆိုပါက နိုင်ငံတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း” အလေးထားပြောကြားခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးမြင့်မားလာရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အားကောင်းလာအောင် သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံ့ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်ကြပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်အားကောင်းလာအောင် ဝိုင်းဝန်းမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။