မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆယ်နှစ်တစ်ကြိမ် ကောက်ယူလေ့ရှိသည်။ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့ပြီး ဆယ်နှစ်ပြည့်မြောက်သည့် လာမည့်အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းလုံးတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကောက်ယူတော့မည်ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူပြီး ရရှိလာသောအချက်အလက်များသည် နိုင်ငံအတွင်း ဖြစ်တည်နေသည့် လူဦးရေစုစုပေါင်းအရေအတွက်သိရှိရန်သာမဟုတ်ဘဲ နိုင်ငံအတွင်း၌ရှိသည့် အသက်အပိုင်းအခြားအလိုက် ကျား၊ မအရေအတွက်ကို ရရှိနိုင်သလို လူမှုစီးပွားရေးဆိုင်ရာကဏ္ဍများအားလုံးနှင့်သက်ဆိုင်သည့်အချက်အလက်များ၊ အိမ်အကြောင်းအရာများကိုပါ ရရှိနိုင်မည်ဖြစ်၍ အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူ၍ ရရှိသောအချက်အလက်များမှ လူဦးရေအခြေအနေအပြင် နေထိုင်မှုပုံစံများကိုပါ တိတိကျကျသိရှိနိုင်မည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းအထိမ်းအမှတ် ပြည်သူသို့ပြောကြားသည့်မိန့်ခွန်းတွင် “ဒီလုပ်ငန်းကြီးကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရနိုင်ဘဲ နိုင်ငံတစ်ဝန်း နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးရဲ့ ညီညွတ်သောအင်အားနဲ့ အောင်မြင်အောင်ဆောင်ရွက်ပြီး ကမ္ဘာ့အလယ်တွင် နိုင်ငံ့စွမ်းအားကို ပြသရမှာလည်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုအားနဲ့ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်မယ့် အခွင့်အခါကောင်းတစ်ရပ်လည်းဖြစ်ပါတယ်”ဟု ပြောကြားထားသည်။
ထို့ကြောင့် လက်ဝယ်ရရှိနေသည့် အခွင့်အရေးကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ရန်အတွက် သန်းခေါင်စာရင်းကောက်ယူရေးတွင် လူတိုင်းပါဝင်ကြဖို့လိုပါသည်။ နိုင်ငံ အတွင်းမှီတင်းနေထိုင်ကြသည့် အိမ်ထောင်စုအသိုက်အဝန်းအားလုံးကို စာရင်းကောက်အဖွဲ့များက အိမ်တိုင်ရာရောက် လာရောက်မေးမြန်းမည့် မေးခွန်းအားလုံးအပေါ်တွင် သံသယစိတ်များ၊ စိုးရိမ်ကြောင့်ကြစိတ်များကင်းစွာဖြင့် အနာဂတ်မျိုးဆက်သစ်များ အကျိုးကိုရှေးရှု၍ အမှန်ကို အမှန်အတိုင်း အမှားအယွင်းမရှိဘဲ ယုံယုံကြည်ကြည် ဖြေကြားကြဖို့လိုအပ်သည်။ ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းဥပဒေတွင်လည်း ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံမှုရှိစေရန် အကာအကွယ်ပေးထားပြီးဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူခြင်းသည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ၊ နိုင်ငံအတွင်း၌ မှီတင်းနေထိုင်ကြသူများ၏ ဒေသအလိုက်၊ အသက်အပိုင်းအခြား အလိုက်၊ မြို့ပြကျေးလက်အလိုက် လူဦးရေစာရင်းကိုသာရရှိစေရုံမကဘဲ ပညာအရည်အချင်းအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ နေထိုင်မှုပုံစံအလိုက် လူဦးရေအမျိုးအစားများကို ခွဲခြားသိရှိနိုင်မည်ဖြစ်သည်။ ထိုသို့သိရှိမှုမှတစ်ဆင့် နေရာဒေသအလိုက် လိုအပ်သည့် အစီအမံများ ချမှတ်နိုင်ရန်အတွက် အခြေခံအရင်းအမြစ်များကို ဖန်တီးပေးနိုင်မည်ဖြစ်သလို လိုအပ်သည့် လုပ်သားအင်အားကိုလည်း ဖော်ထုတ်သိရှိနိုင်မည်ဖြစ်သည်။ ကျွမ်းကျင်မှုလိုအပ်သည့် လုပ်သားများအတွက်လည်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ ကျွမ်းကျင်မှုသင်တန်းများကို လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ ဒေသအလိုက် အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်သည်။
ထို့အပြင် လူမှုဖူလုံရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ မသန်စွမ်းထောက်ပံ့မှုအစီအစဉ်များကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်ရှာဖွေခြင်း၊ စားသုံးသူခန့်မှန်းခြင်း၊ ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်သူများအား ရှာဖွေကယ်ဆယ်ရေးစသည့် ကဏ္ဍများတွင်လည်း အသုံးဝင်မည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားလုပ်ငန်းစဉ်များတွင် မဖြစ်မနေ အခြေခံအသုံးပြုနိုင်မည့် ကိန်းဂဏန်းအချက်အလက်များ၊ အကြောင်းအရာများ ရရှိနိုင်ရန်အတွက် အမျိုးသားရေးလုပ်ငန်းစဉ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် အားလုံးပါဝင်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူမည့်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များကိုအခြေခံပြီး ကိုယ့်ခွန်ကိုယ့်အားဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်ဖြစ်၍ အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ်ခံယူပြီး “ပြည်သူအားလုံး ပါဝင်လို့၊ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။