Skip to main content

အားလုံးအသက်ရှည်ကျန်းမာရေး သန့်ရှင်းသောပတ်ဝန်းကျင်ပျိုးထောင်

လူတို့အသက်ရှင်ရပ်တည်နိုင်ရေးအတွက် “ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်” ဟူသည့် ရှေးဆိုရိုးစကားရှိသည်။ အမှန်တကယ်တွင် “ထမင်းအသက်ခုနစ်ရက်၊ ရေအသက် တစ်မနက်၊ လေအသက်သုံးမိနစ်” ဟု ထပ်တိုးဆိုရမည်ဖြစ်သည်။ လူသတ္တဝါများ လေကိုမိနစ်အနည်းငယ်မျှမရှူရှိုက်ရသည်နှင့် အသက်သေဆုံးသွားနိုင်သည်။ ထို့ကြောင့် လေသည်လူတို့အသက်ရှင်သန်ရေးတွင် အရေးအကြီးဆုံးဒြပ်ပစ္စည်းတစ်ခုဖြစ်သည်ကို သတိပြုကြရမည်ဖြစ်သည်။

တစ်ဖန်မသန့်ရှင်းသောလေကို ကြာရှည်ရှူရှိုက်မိလျှင်လည်း အချိန်ကာလတစ်ခုတွင် နာတာရှည်ရောဂါ အထူးသဖြင့် အသက်ရှူလမ်းကြောင်း၊ အဆုတ်တို့နှင့်သက်ဆိုင်သော ရောဂါတစ်မျိုးမျိုးဖြစ်ပေါ်ကာ လူ့ဘဝတွင် ကျန်းမာရေးချို့တဲ့ပြီး သက်တမ်းရှည်ရှည် မနေနိုင်သည့်အခြေအနေသို့ ရောက်နိုင်သည်။ ထို့ကြောင့် လေသည်လူသတ္တဝါများ အသက်ရှင်ရပ်တည်နေထိုင်နိုင်ရေးအတွက် အရေးအကြီးဆုံးအရာဖြစ်၍ မိမိတို့၏ပတ်ဝန်းကျင်တစ်ခုလုံးတွင် သန့်ရှင်းသောလေထု၊ သန့်ရှင်းသောပတ်ဝန်းကျင် ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သက်ရှိအားလုံး ရှင်သန်ရပ်တည်နေသော ဤကမ္ဘာမြေထုကြီးကို လေထုကြီးက ဝိုင်းရံပတ်ဆီးထားသည်။ လူသတ္တဝါများ အသက်ရှင်သန်နိုင်ရေးအတွက် ရှူရှိုက်နေသောလေထုသည် ကမ္ဘာမြေမျက်နှာပြင်အထက် ငါးမိုင်မှ ကိုးမိုင်အတွင်းရှိ လေထုဖြစ်သည်။ ကမ္ဘာ့လေထုအတွင်း၌ ဓာတ်ငွေ့မျိုးစုံပါဝင်နေပြီး အဓိကဓာတ်ငွေ့နှစ်မျိုးမှာ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ဖြစ်သည်။ ကမ္ဘာ့လေထုတွင် နိုက်ထရိုဂျင်ဓာတ်ငွေ့ ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းနှင့် အခြားဓာတ်ငွေ့မျိုးစုံ တစ်ရာခိုင်နှုန်းပါဝင်နေသည်။ ယင်းဓာတ်ငွေ့များတွင် လူတို့အသက်ရှင်သန်နိုင်သည့်ဓာတ်ငွေ့မှာ အောက်ဆီဂျင်ဓာတ်ငွေ့ ဖြစ်ပါသည်။

သန့််ရှင်းသောလေထုသည်သာ လူသားများကျန်းမာအသက်ရှင်သန်နိုင်ရေးကို အထောက်အကူပြုပြီး မသန့်ရှင်းသောလေထုများသည် လူသားများအသက်ရှည်ကျန်းမာရေးကို များစွာထိခိုက်နိုင်သည်။ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်းမှ ထုတ်လွှတ်လိုက်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့၊ နိုက်ထရပ်အောက်ဆိုက်၊ မီသိန်းနှင့်ဆာလ်ဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် စသည့်ဓာတ်ငွေ့များသည် လေထုညစ်ညမ်းမှုကိုဖြစ်စေပါသည်။ ၎င်းလေထုညစ်ညမ်းစေသော ဓာတ်ငွေ့များကြောင့် လူတို့အသက်ရှည်ကျန်းမာရေးကို ထိခိုက်စေသည်သာမက သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးပြီး ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကို ယနေ့ကမ္ဘာတွင် ကြုံတွေ့နေသည်။

မြို့ပြဒေသများ ဖွံ့ဖြိုးတိုးတက်လာမှု၊ လူဦးရေထူထပ်မှု၊ စီးပွားရေးလုပ်ငန်းများ များပြားလာမှုများနှင့်အတူ လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာသည်။ လေထုညစ်ညမ်းမှုသည် တစ်နေ့တခြားမြင့်မားလာသည်။ လျှပ်စစ်ဓာတ်အားလိုအပ်သဖြင့် လူမှုပတ်ဝန်းကျင်တွင် မီးစက်အမျိုးမျိုးအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်ငွေ့အန္တရာယ်ကို လူတို့သတိမမူနိုင်ဘဲ လုပ်ကိုင်မှုများသည် အနီးကပ်အန္တရာယ်အများဆုံး ဖြစ်နေသည်ကို သတိမူသင့်သည်။ မော်တော်ယာဉ်များ၊ မီးစက်များနှင့် တောမီးလောင်ကျွမ်းမှုမှထွက်ရှိလာသော အခိုးအငွေ့များနှင့် လေအေးပေးစက်များမှ ထွက်ရှိသည့်ဓာတ်ငွေ့များသည် အန္တရာယ်အများဆုံးဖြစ်နေသဖြင့် ယင်းတို့ကိုလျှော့ချနိုင်ရေး၊ ကာကွယ်နိုင်ရေးတို့ကို အလျင်အမြန်ဆောင်ရွက်ရန် လိုအပ်လာသည်။ လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုနိုင်ရေးကို နိုင်ငံများက အကောင်အထည်ဖော်နေသည်မှာ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေးအတွက်ဖြစ်သည်။

ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များကို နိုင်ငံများဆိုးဆိုးရွားရွား ကြုံတွေ့နေသည်။ လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်သည် တိုက်ရိုက်ဆက်နွှယ်နေသည်။ လေထုညစ်ညမ်းမှုအကျိုးဆက်အဖြစ် ကမ္ဘာ့အပူချိန်မြင့်တက်လာကာ ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်လာသည်။ ကမ္ဘာတစ်ဝန်းရာသီဥတုပြောင်းလဲမှု ပုံမှန်ဖြစ်လာရေးကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရာတွင် လေထုညစ်ညမ်းမှုပြဿနာအား ဦးစားပေးအလေးထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည်ကို သတိပြုကြရမည်ဖြစ်သည်။ သစ်တောသစ်ပင်များသည် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ငွေ့ကို စုပ်ယူပေးသဖြင့် သစ်တောသစ်ပင်များ ပျိုးထောင်ခြင်းကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ သက်ရှိလူသားများ အသက်ရှည်ကျန်းမာစွာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ပတ်ဝန်းကျင်ရှိ လေထုသန့်ရှင်းကောင်းမွန်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကမ္ဘာ့ပြည်သူများ ခံစားနေရမှုမှလျှော့ချရေးအတွက် လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသော အမှုကိစ္စလုပ်ဆောင်မှုမှန်သမျှတို့ကို ပြုလုပ်ဆောင်ရွက်နေခြင်းမှ လျှော့ချဆောင်ရွက်နိုင်ရန် အသိတရားဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။          ။