Skip to main content

ပဋိပက္ခကင်းစင်ရေး၊ ငြိမ်းချမ်းရေးနှင့် စာတတ်မြောက်ရေး၊ ပညာတတ်ပေါများရေး

စာတတ်မြောက်ခြင်းသည် လူသားတစ်ဦးအတွက် အရည်အသွေးတစ်ရပ်ပင်ဖြစ်ပြီး လူမှုဘဝတိုးတက်မြင့်မားရေးအတွက် အရင်းအမြစ်တစ်ခုကို ပိုင်ဆိုင်ခြင်းလည်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့်မူ နိုင်ငံသားတိုင်းစာတတ်မြောက်ကြရန်၊ အခြေခံအရေး၊ အဖတ်၊ အတွက်အချက်တတ်မြောက်ခြင်းမှသည် ဗဟုသုတကြွယ်ဝသူများ၊ ကျွမ်းကျင်သူများဖြစ်လာပြီး လူ့စွမ်းအားအရင်းအမြစ်ကောင်းပိုင်ဆိုင်နိုင်ရန် အရေးကြီးသည်။ ထို့အပြင် လူတိုင်းစာတတ်မြောက်ခြင်းသည် လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးတို့အတွက်လည်း အရေးပါသည်။

မိမိတို့နိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူဦးရေ ၃ ဒသမ ၅ သန်းရှိနေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားနိုင်ခဲ့သည့် ကလေးသူငယ် ၂ ဒသမ ၇ သန်းရှိနေသည်။ မြန်မာနိုင်ငံသည် နိုင်ငံသူနိုင်ငံသားများ စာတတ်မြောက်ရေးကို အလေးအနက် ဂရုပြုသောနိုင်ငံဖြစ်ပြီး နိုင်ငံလွတ်လပ်ရေးရသည့် နှစ်မှာပင် သက်ကြီးစာတတ်မြောက်ရေးလုပ်ငန်းကို “၁၉၄၈ ခုနှစ် လူထုပညာသင်ကြားရေး‌ကောင်စီအက်ဥပဒေ” ပြဋ္ဌာန်းပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ၁၀ နှစ်တိုင်တိုင်ဆောင်ရွက်ခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ အသက် ၁၆ နှစ်နှင့်အထက် စာမတတ်သူများ အခြေခံအရေး၊ အဖတ်၊ အတွက် အသုံးလုံးကျေတတ်မြောက်ရေး လေးနှစ်တာသင်ကြားပေးခဲ့သည်။

၁၉၆၉ ခုနှစ်တွင် အသုံးလုံးကျေ စာတတ်မြောက်ရေးလှုပ်ရှားမှုသည် တက္ကသိုလ်၊ ကောလိပ်ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ကြွညီညွတ်စွာ လုပ်အားပေးပါဝင်မှုများဖြင့် လူထုလှုပ်ရှားမှုအသွင်ဖြစ်လာပြီး မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်တို့တွင် ဆောင်ရွက်ခဲ့ရာ ၁၉၇၁ ခုနှစ်တွင် မိတ္ထီလာခရိုင်လုံးကျွတ် စာတတ်မြောက်ကြောင်း ကြေညာနိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေးလုပ်ငန်းသည် ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကာလအတွင်း မြို့နယ်ပေါင်း ၃၀၀ ခန့်မှ စာမတတ်သူ ၂၄ သိန်းကျော်ကို စေတနာလုပ်အား ရှင်ပေါင်းငါးသိန်းခန့်၏ စွမ်း‌ဆောင်မှုဖြင့် စာတတ်မြောက်စေခဲ့သည်။ မြန်မာနိုင်ငံ၏ စာမတတ်သူပပျောက်ရေး၊ စာတတ်မြောက်‌ရေးလုပ်ငန်းများကို ကုလသမဂ္ဂကအသိအမှတ်ပြုခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် မိုဟာမက်ရီဇာပါလဗီဆုနှင့် ၁၉၈၃ ခုနှစ်တွင် နိုမာဆုတို့ကို ဂုဏ်ပြုပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများမှာ ဆက်လက်ရှင်သန်လျက်ရှိပြီး နှစ်အလိုက်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အလျောက် သက်ကြီးစာတတ်မြောက်မှုနှုန်းမှာလည်း မြင့်မားခဲ့သည်။ ယခုနှစ်မေလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူမှု စာရင်းများအရ စာတတ်မြောက်မှုရာခိုင်နှုန်းအရ ပျမ်းမျှအားဖြင့် ၉၂ ရာခိုင်နှုန်းခန့်သည် စာတတ်မြောက်မှုရှိသည်ကိုတွေ့ရကြောင်း၊ သို့သော် အများစုအနေဖြင့် မူလတန်းပညာကိုသာ တတ်မြောက်ကြခြင်းဖြစ်ပြီး ကျောင်းနေအရွယ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် လူမှုအသိုင်းအဝိုင်းအတွင်း အသိပညာ၊ အတတ်ပညာများရရှိအောင် ဖန်တီးပေးရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ယခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင်ကျ‌ရောက်သည့် ၅၈ နှစ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့၏ ဆောင်ပုဒ်မှာ “အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန်လိုအပ်လို့ ဘာသာစကားစုံပညာရေးကို မြှင့်တင်ကြပါစို့” “Promoting multilingual education: Literacy for mutual understanding and peace” ဟူ၍ဖြစ်သည်။ ပညာတတ်ပေါများခြင်း၊ အသိပညာကြွယ်ဝခြင်းသည် နိုင်ငံဖွံ့ဖြိုးရေးအတွက်ရော နိုင်ငံရေးစနစ်တည်ငြိမ်ရေးအတွက်ပါ လိုအပ်သည်။ အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်ရန်လိုအပ်သည့်အလျောက် လူတိုင်းစာတတ်မြောက်ရေး ထိုမှတစ်ဆင့် ပညာတတ်များပေါကြွယ်ဝရေး နိုင်ငံတော်၏ ကြိုးပမ်းဆောင်ရွက်မှုများတွင် ကျရာကဏ္ဍမှ ကိုယ်စီတာဝန်ကျေပွန်ကြရပါမည့်အကြောင်း။ ။