Skip to main content

ကလေးသူငယ် ချန်မထားလူကုန်ကူးမှု တိုက်ဖျက်သွား

ခေတ်သစ်ကျေးကျွန်စနစ်ဟုဆိုသည့် လူကုန်ကူးမှုသည် မိမိတို့ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ပုံစံမျိုးစုံဖြင့် ဖြစ်ပွားလျက်ရှိသည်။ လူကုန်ကူးမှုပြဿနာ၏ ဆိုးကျိုးများကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောနိုင်ငံများက ပိုမိုခံစားနေရခြင်းဖြစ်ရာ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံသားများမှာ လူကုန်ကူးမှုပိုမိုကြုံတွေ့ နေရသည်ဟု သိရသည်။

လူကုန်ကူးမှုကို ဥပဒေအရ အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ရှည်ရှည်လျားလျား ဖွင့်ဆိုထားရသော်လည်း အနှစ်ချုပ်မှာမူ လူလူချင်းလူမဆန်ရက်စက်စွာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းပင်ဖြစ်သည်။ လူကုန်ကူးသူတို့က သားကောင်ဖြစ်လာမည့်တစ်ဦးဦးကို ခြိမ်းခြောက်သည့်နည်းလမ်း၊ အင်အားသုံးသည့် နည်းလမ်း၊ အကျပ်ကိုင်သည့် နည်းလမ်း၊ အနိုင်အထက်ပြုသည့် နည်းလမ်း၊ လိမ်လည်လှည့်ဖြားသည့် နည်းလမ်း၊ သွေးဆောင်ဖြားယောင်းသည့်နည်းလမ်း၊ အာဏာအလွဲသုံးစားပြုသည့် နည်းလမ်းတို့အပါအဝင် တစ်နည်းနည်းဖြင့် သိမ်းသွင်းခေါ်ဆောင်ကြကာ လူကိုလူကအရောင်းအဝယ်ပြုကြသည်။ ယင်းနောက် အရောင်းအဝယ်ပြုခံရသူကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ အခြားပုံစံဖြင့် လိင်မှုကိစ္စခေါင်းပုံဖြတ်ခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကျေးကျွန်သဖွယ်အလုပ်လုပ်ရခြင်း၊ ခန္ဓာကိုယ်အတွင်းမှ အင်္ဂါအစိတ်အပိုင်းများ ထုတ်ယူခြင်း စသဖြင့် လူမဆန်စွာ ခေါင်းပုံဖြတ်ကြခြင်း ဖြစ်သည်။

ယခုနှစ် ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကားတွင် လူကုန်ကူးမှုသည် လူ့အဖွဲ့အစည်းများအတွင်းမှ ထိရှလွယ်ဆုံးသူများကို ပစ်မှတ်ထားသည့် လွန်စွာဆိုးရွားသည့်ပြစ်မှုဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့တွင် ထိရှလွယ်ဆုံးသူများဖြစ်သည့် ကလေးသူငယ်များကို အဓိကထားလိုကြောင်း၊ လူကုန်ကူးခံရသူများ၏ သုံးပုံတစ်ပုံသည် ကလေးသူငယ်များဖြစ်ပြီး အဓမ္မအလုပ်ခိုင်းစေခံရခြင်း၊ အဓမ္မလက်ထပ်ထိမ်းမြားရန် ရောင်းစားခံရခြင်း၊ ကလေးစစ်သားအဖြစ် စုဆောင်းခံရခြင်း သို့မဟုတ် ရာဇဝတ်မှုမကင်းသည့် အလုပ်များလုပ်ရန် သိမ်းသွင်းခံရခြင်း စသည်ဖြင့် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သည့် စက်ဆုပ်ရွံရှာဖွယ်ရာ အသုံးချခေါင်းပုံဖြတ်ခံနေရကြောင်း ထည့်သွင်းဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုပုံစံ(၈)မျိုး ဖြစ်ပွားသည်ကို တွေ့ရှိရသည့်အနက် အဓမ္မထိမ်းမြားလက်ထပ်ခြင်း ၆၇ ဒသမ ၃၃ ရာခိုင်နှုန်း၊ အဓမ္မပြည့်တန်ဆာပြုခြင်း ၁၅ ဒသမ ၂၄ ရာခိုင် နှုန်း၊ အဓမ္မခိုင်းစေခြင်း ၁၄ ဒသမ ၆၅ ရာခိုင်နှုန်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း ၁ ဒသမ ၉ဝ ရာခိုင်နှုန်း၊ အဓမ္မမွေးစားခြင်း ဝ ဒသမ ၄၄ ရာခိုင်နှုန်း၊ အငှားကိုယ်ဝန်ဆောင်ခြင်း ဝ ဒသမ ၂၉ ရာခိုင်နှုန်း၊ ကလေးရောင်းစားခြင်း ဝ ဒသမ ၁ဝ ရာခိုင်နှုန်း၊ ကလေးစစ်သား ဝ ဒသမ ဝ၅ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာတစ်ရပ်တွင် တွေ့ရှိရသည်။ လူကုန်ကူးသူတရားခံများ၏ ၆၃ ဒသမ ၂၅ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြပြီး လူကုန်ကူးခံရသူ ၇၃ ဒသမ ၈၈ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြသည်။ ယင်းအနက်အများစုမှာ ငယ်ရွယ်သည့် အမျိုးသမီးငယ်များဖြစ်ပြီး ကလေးသူငယ်လူကုန်ကူးခံရသူ ၁ဝ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်ပွားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

လက်ရှိမိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့် မတည်ငြိမ်မှုများက ဒေသတွင်းရှိ ကလေးငယ်များအပေါ် ပညာသင်ကြားမှု၊ ဘဝလုံခြုံမှုနှင့် အသက်နှင့်ခန္ဓာကိုယ် ထိခိုက်ဆုံးရှုံးမှု စသည်ဖြင့် အန္တရာယ်များစွာ ဝန်းရံခြိမ်းခြောက်နေသည်။ ဆင်းရဲနွမ်းပါးခြင်း၊ ပညာသင်ယူခွင့် ဆုံးရှုံးခြင်းတို့အပါအဝင် အခက်အခဲ၊ အကျပ်အတည်းများစွာတို့က ကလေးသူငယ်များကို လူကုန်ကူးမှု၏ သားကောင်များဘဝသို့ ကျရောက်စေနိုင်သည့် အကြောင်းရင်းခံများ ဖြစ်နေသည်။ ထို့အပြင် အွန်လိုင်းပလက်ဖောင်းများ အသုံးပြုခြင်းကလည်း နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံရနိုင်သည့် အခြေအနေထိ အန္တရာယ်များ ကျရောက်နိုင်စေသည်ဖြစ်ရာ နိုင်ငံ၏ အနာဂတ်အညွန့်အဖူးကလေးများဖြစ်သော နိုင်ငံ့ရင်သွေးများ လူကုန်ကူးမှု၏ သားကောင်ဘဝသို့ မကျရောက်စေရေး၊ ဘေးကင်းလုံခြုံရေးတို့အတွက် တရားမျှတမှုဆိုင်ရာ ယန္တရားများနှင့် အသိပညာပေးမှုများ မြှင့်တင်ခြင်း၊ မိဘမျက်ကွယ်သွားလာမှုများတွင် မျက်ခြည်မပြတ်စောင့်ရှောက်မှု ပိုမိုပေးခြင်းတို့အပါအဝင် ကလေးများအတွက် ဘေးကင်းလုံခြုံပြီး လွတ်လပ်မှုရှိသည့် အနာဂတ်ကို ဖန်တီးဖော်ဆောင်ကြရပါမည့်အကြောင်း။