မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံအများစု၌ လူကုန်ကူးမှုအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ယနေ့သည် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်သည်။ ၂၀၂၄ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အတွက် “ကလေးသူငယ် ချန်မထား လူကုန်ကူးမှု တိုက်ဖျက်သွား” ဆောင်ပုဒ်ကို ချမှတ်ထားပြီး အဆိုပါဆောင်ပုဒ်နှင့်အညီ ကလေးသူငယ်များအပါအဝင် လူကုန်ကူးခံရမှုအန္တရာယ်မှကင်းဝေးစေရန် အားလုံးပါဝင်လက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို “လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူး ခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်” ဟူသော ရည်ရွယ်ချက် (၄) ရပ်ကို ချမှတ်ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူကုန်ကူးမှုတိုက်ဖျက်ရေး စတုတ္ထငါးနှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) ကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည်ဆိုလျှင် လူကုန်ကူးခံရမှုအန္တရာယ်များမှ လျော့ပါးကင်းဝေးသွားမည်ဖြစ်သည်။ လူကုန်ကူးခံရခြင်း၏ အဓိကအကြောင်းရင်းများတွင် သတင်းမှားများဖြင့် လိမ်လည်လှည့်ဖြားခံရခြင်းသည် အဓိကတူညီနေသောအချက်ဖြစ်သည်။ ယခင်က လူအချင်းချင်းတွေ့ဆုံ၍ လိမ်လည်လှည့်ဖြားပြီး သားကောင်အဖြစ် ဖန်တီးကြရာမှ မျက်မှောက်ကာလတွင် လူမှုကွန်ရက်များကိုအသုံးပြု၍ လူကုန်ကူးဂိုဏ်းများအသွင် ဆောင်ရွက်လာကြသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။
လူကုန်ကူးဂိုဏ်းများသည် အင်တာနက်နည်းပညာကိုအသုံးပြု၍ မသိနားမလည်သူ၊ အသိပညာဗဟုသုတနည်းပါးသူတို့ကို ပစ်မှတ်ထားစုဆောင်းလေ့ရှိသည်။ အလုပ်အကိုင်အခွင့်အလမ်းများ၊ မက်မောလောက်သည့် လစာ၊ ငွေကြေးများဖြင့် မက်လုံးပေးကာ ပြောဆိုစည်းရုံးလိမ်လည်ခေါ်ဆောင်ပြီး သားကောင်အဖြစ် ထောင်ဖမ်းလေ့ရှိသည်။ ထိုသို့သောအခြေအနေများကို သက်ဆိုင်ရာအဖွဲ့အစည်းများက အကြိမ်ကြိမ်အသိပေးနှိုးဆော်ခြင်း၊ အသိပေးခြင်းများ ပြုလုပ်လျက်ရှိသော်လည်း မိမိတို့၏အလိုဆန္ဒများကို ရှေ့တန်းတင်မှုကြောင့် သားကောင်ဘဝသို့ ကျရောက်သွားသူများကို မကြာခဏမြင်တွေ့ကြားသိနေရသည်။
လူကုန်ကူးမှုပြဿနာသည် မဖွံ့ဖြိုးသေးသောနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဖြစ်များသည်ဆိုသော်လည်း အမေရိကန်နိုင်ငံကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင်လည်း ဖြစ်ပွားနေသည်ကို ကြားသိနေရသည်။ မျက်မှောက်ကာလတွင် ကမ္ဘာတစ်ခွင်၌ အွန်လိုင်းလောင်းကစားများ၊ အွန်လိုင်းလိမ်လည်မှုများကြီးထွားလာရာ ၎င်းတို့သည် ရာဇဝတ်ဂိုဏ်းများအဖြစ် တည်ထောင်လာကြပြီး လူကုန်ကူးမှုလုပ်ငန်းများပါ အတူတွဲလုပ်ဆောင်လာကြသည်။ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုနှင့် လက်နက်မှောင်ခိုမှုပြီးလျှင် လူကုန်ကူးမှုသည် တတိယမြောက်ဝင်ငွေအများဆုံး ဒုစရိုက်လုပ်ငန်းဖြစ်သည်ဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက သတ်မှတ်ထားသည်။
ယခုရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်ခဲ့ကြသော မြန်မာနိုင်ငံသူမိန်းကလေးများ ဒုက္ခဆင်းရဲအခက်အခဲမျိုးစုံ ကြုံတွေ့ရမှုများ၊ အလုပ်အကိုင်မရရှိဘဲ သောင်တင်နေသူများသည် လူကုန်ကူးခံရခြင်းသာဖြစ်သည်။ မကြာသေးမီက ဖြစ်စဉ်တစ်ခုတွင် တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ဖိလစ်ပိုင်မှ ထိုင်းနိုင်ငံသို့ရောက်ရှိလာသူတစ်ဦးသည် မြန်မာနိုင်ငံသို့ခိုးဝင်ပြီး တရားမဝင်အလုပ်လုပ်ကိုင်ကာ ထိုင်းနိုင်ငံသို့ ပြန်လည်ခိုးဝင်စဉ် ဖမ်းဆီးခံရသည်။
မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး အွန်လိုင်းလိမ်လည်မှုများမှာ ငွေကြေးဆိုင်ရာနှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေလိမ်လည်ခြင်းနှင့် ငွေကြေးရလိုမှုကြောင့် ဖြစ်ပေါ်လာသည့် လူကုန်ကူးခံရမှုများဖြစ်သည်။ အဆိုပါလိမ်လည်မှုများနှင့်ပတ်သက်၍ ပြည်တွင်းရှိ နိုင်ငံသားများသာမက ပြည်ပရှိနိုင်ငံသားများလည်း ပါဝင်လာသည်ကို တွေ့ရသည်။ အထူးသဖြင့် နယ်စပ်ဒေသအချို့တွင် ဖွင့်လှစ်ထားသော အွန်လိုင်းလောင်းကစားရုံများနှင့် နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုများ အများဆုံးဖြစ်လာသဖြင့် လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုမှုခင်းများကို အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းလက်တွဲတိုက်ဖျက်လျက်ရှိသည်။
သို့ဖြစ်ရာ လူကုန်ကူးမှုဆိုင်ရာ အသိပညာဗဟုသုတများ ပြည်သူလူထုအတွင်းပျံ့နှံ့ရန်လိုအပ်ပြီး လူကုန်ကူးခံရသူများအား စာနာနားလည်မှုဖြင့် ကာကွယ်စောင့်ရှောက်ပေးရန်လိုသည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးပူးပေါင်းလက်တွဲပြီး အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။