ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုပြဿနာများနှင့်စပ်လျဉ်း၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့်နိုင်ငံများတွင် လူကုန်ကူးမှုပိုမိုဖြစ်ပွားသည်ဟူ၍လည်းကောင်း၊ ဆင်းရဲနွမ်းပါး၍ ပညာရည်နိမ့်ပါးသူများသာ လူကုန်ကူးမှုကိုခံကြရသည်ဟူ၍လည်းကောင်း ယေဘုယျအားဖြင့် ရှုမြင်ကြသည်။ သို့ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်၍ ချမ်းသာသောနိုင်ငံများသည်လည်း လူကုန်ကူးမှုပြဿနာနှင့် မကင်းသည့်အပြင် လူကုန်ကူးခံရသူများတွင် ပညာတတ်များလည်း ပါဝင်လျက်ရှိရာ လူကုန်ကူးမှုများသည် အခြားမမျှော်မှန်းနိုင်သည့်အကြောင်းများ၌လည်း အခြေခံလျက်ရှိသည်ကို တွေ့ရှိရသည်။
(၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ ပေးပို့သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် “မြန်မာနိုင်ငံတွင် ယခင်ကာလများက ဆင်းရဲနွမ်းပါးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုများကြောင့် ပညာအရည်အချင်းနိမ့်ပါးသူများသာ လူကုန်ကူးခံရသည့်ပြဿနာများ ပေါ်ပေါက်ခဲ့သော်လည်း ယခုကာလတွင်ပညာတတ်များလည်း လူကုန်ကူးခံရသည့်ဖြစ်စဉ်များတွင်ပါဝင်နေကြောင်း တွေ့ရှိနေရပါသည်။ လူကုန်ကူးသူများသည် တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကိုအခြေခံကာ Facebook, Wechat, Telegram, Tik Tok များ အသုံးပြုပြီး မက်လုံးပေးစည်းရုံး၍ အွန်လိုင်းလိမ်လည်မှုခင်းများ ကျူးလွန်လာကြရာမှ ၎င်းနှင့်ဆက်နွှယ်ပြီး လူကုန်ကူးမှုများ၊ တရားမဝင်လူစုဆောင်းခြင်းများ၊ လိမ်လည်မှုများပြုလုပ်ကာ လူသားအချင်းချင်းအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ခိုင်းစေခြင်းနှင့် အဓမ္မအငှားကိုယ်ဝန်ဆောင်စေခြင်း စသည်တို့ကို ကျူးလွန်လျက်ရှိကြောင်း တွေ့ရှိလာရပါသည်။” ဟူ၍ ထည့်သွင်းဖော်ပြထားသည်။
သို့ဖြစ်ရာ လူကုန်ကူးမှုများသည် ခေတ်စနစ်အလိုက်အခြေအနေများနှင့် နည်းပညာတိုးတက်ဖွံ့ဖြိုးမှုတို့အပေါ်လိုက်ပါ၍ ပုံစံပြောင်းလဲလာသည်ကို ဂရုပြုကြရမည်ဖြစ်သည်။ ဥပမာအားဖြင့် အွန်လိုင်းလောင်းကစားနှင့်ငွေကြေးလိမ်လည်မှုတို့ ပြုလုပ်ကြသည့် ကျားဖြန့်လုပ်ငန်းများသည် လူသစ်စုဆောင်းရာတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများအသွင်ဖြင့် အွန်လိုင်းမှတစ်ဆင့် လစာအမြောက်အမြား မက်လုံးပေးခေါ်ယူခဲ့ကြပြီး နိုင်ငံအများအပြားမှ အိုင်တီနည်းပညာကျွမ်းကျင်သူများအပါအဝင် ပညာတတ်အများအပြားတို့ စုဆောင်းခံခဲ့ကြသည်။ ၎င်းတို့မှာ မက်မောလောက်သည့် ပမာဏဖြင့် လစာ၏ ဆွဲဆောင်မှုကြောင့်လည်းကောင်း၊ ဥပဒေနှင့်အညီ လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းကြီးများအဖြစ် ယုံကြည်မိ၍လည်းကောင်း ကျားဖြန့်လုပ်ငန်းများဆီသို့ ရောက်ရှိသွားကြခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းလုံးတွင် အသုံးပြုနေကြသည့် လူမှုကွန်ရက်မီဒီယာများကို လူကုန်ကူးသူတို့က အသုံးပြုကာ လိမ်လည်မှုအမျိုးမျိုးတို့ ပြုလုပ်နေကြရာတွင် အချိန်မရွေး မိမိကိုယ်တိုင်သားကောင်ဘဝ ကျရောက်သွားနိုင်သည်ကို သတိပြုကြရန်လိုသည်။ လူကုန်ကူးခံရခြင်းသည် ဆင်းရဲနွမ်းပါးခြင်း၊ ပညာရေးအခြေအနေနိမ့်ကျခြင်း၊ ဗဟုသုတနည်းပါးခြင်း စသည့်အခြေခံအချက်အလက်အချို့မျှသာမကဘဲ အခြားသော အရင်းခံအကြောင်းအရာများစွာတို့လည်း ရှိနေသည့်အနက် အဆင့်မြင့်ပညာ ဆက်လက်သင်ယူနိုင်ရန် ပညာရေးစရိတ်လိုအပ်ခြင်း၊ မိသားစုအတွက် များပြားသည့်ဝင်ငွေရရှိလိုခြင်း၊ ပိုမို၍မြင့်မားသည့်လူနေမှုဘဝကို မျှော်မှန်းခြင်း၊ လက်ရှိအခြေအနေအပေါ်တွင် စိတ်ကျေနပ်မှုမရှိခြင်း၊ အောင်မြင်မှုရသည့်ဘဝများကို အားကျခြင်း စသည်ဖြင့် အကြောင်းများစွာတို့ရှိနေသည်။ ယင်းသို့သောအခြေအနေမျိုးတွင် ပညာတတ်မြောက်ထားသူများအနေဖြင့် လူမှုကွန်ရက်များမှတစ်ဆင့် ပုံစံအမျိုးမျိုးဖြင့် ဆွဲဆောင်လိမ်လည်မှုများနောက် လိုက်ပါသွားကာ လူကုန်ကူးမှုများ၏ သားကောင်ဘဝသို့ ကျရောက်သွားနိုင်သည်။
နည်းပညာအသုံးပြု၍ အဆင့်မြင့်လူကုန်ကူးမှုများ၏ နောက်ကွယ်တွင် လူအချင်းချင်းခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ခိုင်းခြင်း၊ အဓမ္မအငှားကိုယ်ဝန်ဆောင်စေခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်း စသည့်ကျူးလွန်မှုများရှိနေသည့်အလျောက် အွန်လိုင်းပေါ်ရှိ ဆိုရှယ်မီဒီယာများမှတစ်ဆင့် မိမိတို့တစ်ဦးချင်းအပေါ် အယုံသွင်းလိမ်လည်လှည့်စားမှုများအပေါ် သတိ၊ ပညာ၊ ဆင်ခြင်တုံတရားတို့ဖြင့် ရှောင်ရှားကြရပါမည့်အကြောင်း။ ။