၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့(ယနေ့)သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဖြစ်သည်။ ဤနေ့အတွက် “ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ်ဖော်ဆောင်ပေး” ဆောင်ပုဒ်ကို ချမှတ်ထားသည်။ အနှစ်သာရရှိပြီး လက်ရှိအခြေအနေနှင့်ထင်ဟပ်သော အဆိုပါဆောင်ပုဒ်နှင့်အညီ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကမ္ဘာတစ်ဝန်းလုံး၌ ငြိမ်းချမ်းသာယာမှုအပေါင်းကို ဝိုင်းဝန်းအကောင် အထည်ဖော်ဆောင်ကြဉ်းပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် အမှတ်စဉ်(၁၆)၌ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံခိုင်မာအားကောင်း လာရေးဟူသောအချက်ပါရှိသည်။ ယနေ့ကမ္ဘာပေါ်တွင် အကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းများအားလုံးတွင် ကုလသမဂ္ဂက ချမှတ်ထားသော ရည်မှန်းချက်ပန်းတိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းကဏ္ဍကိုလည်း ဦးတည်လိုက်နာအကောင်အထည်ဖော်ခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် အားဖြည့်ဖော်ဆောင်ရာရောက်သည်။
ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်သည့် စက်ရုံများအဖြစ် တင်စားခေါ်ဆိုထားပြီး ခရီးသွားလုပ်ငန်းများမှတစ်ဆင့် စီးပွားရေးတိုးတက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေသည်။ ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး ဖွံ့ဖြိုးတိုးတက်မှုသည် ခရီးသွားလုပ်ငန်းကို အားကောင်းစေနိုင်ခြင်းဖြင့် အပြန်အလှန် အထောက်အကူပြုသည်။ အလားတူပင် ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေးသည်လည်း အပြန်အလှန်အမှီသဟဲပြုသည်။ နယ်မြေဒေသများ တည်ငြိမ်အေးချမ်း ချောမွေ့နေပါမှ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ့စီးပွားရေးနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းသော အခြေအနေတစ်ရပ် မဖြစ်မနေလိုအပ်သည်။ ခရီးသွားလုပ်ငန်းဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းမှု သို့မဟုတ် ငြိမ်းချမ်းမှုရှိနေခြင်း၏ ပြယုဂ်တစ်ခု ဖြစ်သည်။ ခရီးသွားလုပ်ငန်း အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာသောကြောင့် ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တွန်းအားသဖွယ်ဖြစ်လာသည်။ ခရီးသွားလုပ်ငန်း၏ အကျိုးရလဒ်များကိုသိရှိလာရာမှ အကျိုးရလဒ်များကိုလိုလားပြီး မငြိမ်းချမ်းသောအခြေအနေများကို ရှောင်ရှားလာကြသည်။ ခရီးသွားလုပ်ငန်းသည် ဖြစ်မှုအနေထားတစ်ခုမှ ပြုမှုအနေထားတစ်ရပ်သို့ ပြောင်းလဲသွားသည်။
ယနေ့ကမ္ဘာပေါ်တွင် ခရီးသွားလုပ်ငန်းများမှ နိုင်ငံ့ဝင်ငွေအမြောက်အမြား ရရှိနေသောနိုင်ငံများရှိသည်။ နိုင်ငံ၏ရှိရင်းသဘာဝအခြေအနေများပေါ် အခြေခံပြီးတည်ငြိမ်အေးချမ်း သာယာဝပြောမှု၏ အကျိုးဆက်များဖြစ်သည်။ ကမ္ဘာပေါ်တွင် စစ်မက်ဖြစ်ပွားနေသော နိုင်ငံများ၌ ခရီးသွားလုပ်ငန်းများ ဆုတ်ယုတ်လာပြီး နိုင်ငံ့ဝင်ငွေလျော့နည်းသွားသည်။ စစ်မက်ဖြစ်ပွားမှုကင်းဝေးပြီး တည်ငြိမ်အေးချမ်း သာယာဝပြောမှုရှိပါက ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ၏လူမှု စီးပွားဘဝများ မြင့်မားတိုးတက်လာသည်။ သာဓကအားဖြင့် အာဖဂန်နစ္စတန် နိုင်ငံသည် ပြီးခဲ့သည့်ကာလများက လက်နက်ကိုင်အကြမ်းဖက်ပဋိပက္ခများနှင့် အကျည်းတန်အရုပ်ဆိုးသည့်နိုင်ငံဖြစ်ခဲ့သော်လည်း မျက်မှောက်ကာလတွင် စစ်ပွဲများကင်းဝေးပြီး ငြိမ်းချမ်းသောအခြေအနေ ရောက်လာသောကြောင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် သာယာလှပသည့် ရေ၊ မြေ၊ တောတောင်သဘာဝများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော်၏ မြတ်နိုးဖွယ်ရာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများစသည်ဖြင့် စိတ်ဝင်စားဖွယ်ရာများ စုံလင်စွာရှိသဖြင့် ခရီးသွားများစိတ်ဝင်စားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။
သို့သော် နိုင်ငံ၏လက်ရှိအခြေအနေအရ ငြိမ်းချမ်းမှုနှင့်တည်ငြိမ်အေးချမ်းသာယာဝပြောမှုကို အနှောင့်အယှက်ဖြစ်စေသော ပြဿနာများရှိနေသောကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်လျက်ရှိသည်။ မြန်မာနိုင်ငံမြောက်ပိုင်း၌ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသည့် ခရီးသွားနေရာများစွာရှိသော်လည်း မငြိမ်းချမ်းမှုကြောင့် ခရီးသွားများ နည်းပါးလျက်ရှိသည်။ အဆိုပါမြောက်ပိုင်းနေရာနှင့် တစ်မြေတည်းရှိသည့်နိုင်ငံနှင့် အရှေ့ဘက်ရှိ အိမ်နီးချင်းနိုင်ငံများတွင်မူ နိုင်ငံတည်ငြိမ် အေးချမ်းပြီး သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအားကောင်းသောကြောင့် ပြည်တွင်းပြည်ပခရီးသွားများ အဆက်မပြတ် အမြောက်အမြားလည်ပတ်နေကြသည်ကို အားရဖွယ်တွေ့မြင်နေရသည်။
ခရီးသွားလုပ်ငန်းကြောင့် ဒေသတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ယဉ်ကျေးမှုနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှု ယန္တရားများ အားကောင်းလာခြင်းတို့သည် အပြုသဘောဆောင်သော ပြောင်းလဲတိုးတက်မှုများဖြစ်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အဟန့်အတားဖြစ်စေသည့် စိန်ခေါ်မှုများအား ကျော်လွှားတိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။