အဂတိလိုက်စားမှုများသည် ရှေးကတည်းကပင်ရှိခဲ့သလို အဂတိလိုက်စားမှုများကို ရှေးလူတို့ကလည်း လက်မခံခဲ့ကြသည့်အလျောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာလည်း ရှေးကာလကပင်ရှိခဲ့သည်။ သို့ရာတွင် ခေတ်ကာလသာလျှင် ပြောင်းခဲ့သော်လည်း လူတို့၏ အဂတိလိုက်စားမှု အမူအကျင့်များ၊ အလိုလောဘများကမပြောင်း။ ကမ္ဘာတစ်ဝန်း၌ သိသိသာသာဆိုးရွားလာသည့် အဂတိလိုက်စားမှုများကို ကိုင်တွယ်နိုင်ရန်အတွက် နိုင်ငံတကာသဘောတူညီချက်အနေဖြင့် ၂၀၀၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြုခဲ့သည်။ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ တိုက်ဖျက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းခဲ့သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် မိမိတို့နိုင်ငံတွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် အရေးပါသည့် အမျိုးသားရေးတာဝန်တစ်ရပ်ပင်ဖြစ်ပြီး အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ အများပြည်သူကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် အဂတိလိုက်စားမှုများကို အရေးယူဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်။ အဂတိလိုက်စားမှု၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရန်မှာခက်ခဲပြီး တရားဥပဒေနှင့်ဆန့်ကျင်သည့် လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးစားပြုမှု၊ မလျော်ဩဇာသုံးစွဲမှု၊ လုပ်ငန်းတာဝန်ကိုအလွဲသုံးစားပြုမှု၊ တရားမဝင်ကြွယ်ဝချမ်းသာမှု၊ ဖော်ပြပါပြစ်မှုများနှင့် ဆက်နွှယ်သည့်ဖုံးကွယ်ခြင်း၊ တရားစီရင်ခြင်းကို နှောင့်ယှက်ဟန့်တားခြင်း စသည်တို့ပါဝင်ရာ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံရေးရာထူးရှိသူများအတွင်း ကျူးလွန်လေ့ရှိကြသည့် ပုံစံများပင်ဖြစ်သည်။
အဂတိလိုက်စားမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများမှာ လွန်စွာကျယ်ပြန့်လှပြီး သာမန်အားဖြင့် မစဉ်းစားနိုင်လောက်အောင်ပင်ဖြစ်သည်။ နယ်ပယ်အသီးသီးတွင်ရှိနေသည့် အဂတိလိုက်စားမှုများ၏ ဆိုးကျိုးသက်ရောက်မှုများမှာလည်း နယ်ပယ်အသီးသီး၌ပင်ရှိနေရာ အဂတိလိုက်စားမှုတို့အမြစ်တွယ်ပြီး ရှင်သန်ကြီးထွားချင်တိုင်း ကြီးထွားနေပါက နိုင်ငံအတွက် အန္တရာယ်ရှိသည့် အခြေအနေသို့ပင် ဆိုက်ရောက်သွားနိုင်သည်။ အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံ၏ ရင်းနှီးမတည်ငွေအား တဖြည်းဖြည်းနည်းပါးစေခြင်းဖြင့် ရေရှည်တည်တံ့မှုမရှိသော လမ်းကြောင်းပေါ်သို့ ရောက်ရှိစေနိုင်သည်ဟုဆိုသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးမှုကိုနောက်ကျစေသည်။ လာဘ်ပေးမှုသည် နိုင်ငံ့ဝန်ထမ်းများကို အလွယ်တကူကမ်းလှမ်းနိုင်ပြီး ယင်းငွေကြေးများကြောင့် ရိုးသားစွာလုပ်ကိုင်နေသည့် လုပ်ဖော်ကိုင်ဖက်များ၊ ရိုးသားစွာယှဉ်ပြိုင်သူများကို ထိခိုက်စေသည်ဟုလည်း ဆိုထားသည်။
အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဌာနများတွင် အဂတိလိုက်စားမှုများပျံ့နှံ့နေပြီး အဂတိလိုက်စားမှုကျူးလွန်သူများသည် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဟု အများပြည်သူတို့ ခံစားလာရပါက အစိုးရအဖွဲ့အစည်းများနှင့် ဦးဆောင်သူများအပေါ် အဆိုးမြင်မှုများ ဖြစ်ပေါ်လာစေနိုင်သည်။ သို့ဖြစ်ရာ အဂတိလိုက်စားမှုများနှင့်စပ်လျဉ်း၍ ကျော်စောထင်ရှားမှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိသည်နှင့် အချိန်မဆိုင်းဘဲ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်း၊ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်း၊ သတင်းထုတ်ပြန်မှုများ ပြုလုပ်ခြင်းအားဖြင့် အစိုးရအဖွဲ့အစည်းများနှင့် ဦးဆောင်သူတို့အပေါ် အဆိုးမြင်မှုများဖြစ်ပေါ်ခြင်းမှ တားဆီးနိုင်ပြီး ယုံကြည်မှု၊ အားကိုးအားထားပြုမှုတို့ မြင့်မားလာမည်ဖြစ်ပါကြောင်း။ ။