Skip to main content

သဘာဝဘေးအန္တရာယ် အစဉ်အမြဲအသိသတိရှိ

ပြီးခဲ့သည့်လအတွင်းက တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏အရှိန်သက်ရောက်မှုကြောင့် ရေကြီးရေလျှံသဘာဝဘေးအန္တရာယ်များ မြန်မာနိုင်ငံတစ်ဝန်း၌ ကြီးကြီးမားမား ကြုံတွေ့ခံစားခဲ့ကြရသည်။ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များ၊ ပြည်သူများက အလျင်အမြန် တစ်တပ်တစ်အား ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ယခုအချိန်ကာလ၌ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလ ၂ ရက်နေ့ တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ကရတ်သွန်” မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း မြန်မာနိုင်ငံတွင် မိုးသည်းထန် စွာရွာသွန်းမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု အသိပေးထားသည်။

လက်ရှိတွင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့နေရာဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်မှုများ အသိပေးထားသည့်အတိုင်း ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်လအတွင်းက မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နိုင်သည့်အခြေအနေများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြိုတင်အသိပေးထားသော်လည်း ဒေသခံပြည်သူများအနေဖြင့် ဖြစ်လာလိမ့်မည်ဟု ထင်မထားခြင်း၊ ညအချိန်တွင် ဖြစ်ပေါ်လာခြင်းတို့ကြောင့် ထိခိုက်ဆုံးရှုံးမှု များပြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် မုန်တိုင်းမဖြစ်ပေါ်သော်လည်း ပတ်ဝန်းကျင်မှ အပူပျံတက်တိမ်များ၊ လေနွေးများ၊ လေဖိအားကြီးရပ်ဝန်းဒေသမှ လေအေးများနှင့် တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် အောက်တိုဘာလ ၆ ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းမှု အခြေအနေများရှိနေသည်။ ထို့ကြောင့် ပြီးခဲ့သည့်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုအခြေအနေများကို သင်ခန်းစာယူကာ ယခုဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင် အသင့်ပြုလုပ်ထားရမည်ဖြစ်သည်။ ပထမအကြိမ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ရသည့် အခြေအနေများတွင် မြစ်ချောင်းမြောင်းများ တိမ်ကောလာခြင်းကြောင့် ရေကြီးရေလျှံမှု ပိုမိုဖြစ်ပေါ်စေခဲ့သည်။

သစ်တောသစ်ပင်များ လျော့နည်းလာမှုကြောင့် မြေဆီလွှာထိန်းသိမ်းမှု အားနည်းခြင်းလည်းပါဝင်သည်။ အရှိန်အဟုန်ဖြင့် စီးဆင်းလာသော တောင်ကျချောင်းရေ အသွယ်သွယ်တို့သည် ရေကြီးရေလျှံဖြစ်ပေါ်မှုကို ပိုမိုအားကောင်းစေသည်။ မြေသားတောင်များသည် မိုးရွာသွန်းမှု ကြာရှည်လာသောကြောင့် ရေနူး၊ ရေဝပြီး တောင်ပြို၊ မြေပြိုကျမှုလွယ်ကူလာသည်။ အမှိုက်သရိုက်၊ သစ်အပိုင်းအစသစ်လုံးများကို စနစ်တကျမထားရှိခြင်း၊ မြစ်ချောင်းမြောင်းများ တိမ်ကောခြင်းနှင့် ရေစီးလမ်းကြောင်းများအရှိန်ကောင်းမှုနှင့် ကျယ်ပြန့်လာမှုတို့ကြောင့် ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်သည့်အခါ ကြိုတင်ရှောင်ရှားနိုင်ခြင်းမရှိဘဲ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ များပြားလာခြင်းဖြစ်သည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများက သင်ခန်းစာယူ သုံးသပ်အသိပေးပြောကြားခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုနှင့်ပတ်သက်၍ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက အရှိန်အဟုန်ဖြင့် လျင်လျင်မြန်မြန် ဆောင်ရွက်လျက်ရှိသည်။ လက်ငင်း ချက်ချင်းဆောင်ရွက်ရမည့်လုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပြီး ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြိုတင်လမ်းညွှန်မှာကြား စီစဉ်နေပြီဖြစ်သည်။ ပြည်တွင်းမှ ငွေအင်အား၊ လူသားအရင်းအမြစ်အင်အားများဖြင့် အစွမ်းကုန်လုပ်ကိုင်လျက်ရှိသည်။

သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ရန်မှာ မလွယ်ကူသော်လည်း ရေရှည်စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ မိုးလေဝသသတင်းများကို အစဉ်အမြဲအလေးထားမှတ်သားမှုများဖြင့် ယခုဖြစ်ပေါ်နေသော ရာသီဥတု ဖြစ်စဉ်များနှင့်ပတ်သက်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းတို့ကို သတိပြုကြရန်နှင့် ကုန်းမြင့်ဒေသနှင့် ကုန်းအောက်ဒေသတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ ရေစီးဆင်းမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်အနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်များကို အသိသတိဖြင့် ရှောင်ရှားနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။ ။