ကျောင်းနေအရွယ် အသက်ငါးနှစ်မှစကာ ကလေးငယ်တို့ စာသင်ဖို့ ကျောင်းသို့ရောက်ကြသည်။ ထိုအရွယ်သည် စာသင်ရန်၊ ရွတ်ဆိုရန်၊ ရေးသားရန်၊ မှတ်သားရန် ဦးနှောက်မှတ်ဉာဏ်နှင့် ရုပ်ခန္ဓာတို့ ဖွံ့ဖြိုးနေပြီး စွမ်းရည်တို့လည်း ပြည့်စုံနေပြီဖြစ်သည်။ ကကြီး၊ ခခွေးမှစကာ အရေး၊ အဖတ်အခြေခံတို့ သင်ကြား လေ့ကျင့်မှုများပြုပြီးသည်နောက် နှစ်နှစ်၊ သုံးနှစ်အတွင်း ၎င်းတို့အရွယ်နှင့်လိုက်သည့်စာကို ကောင်းစွာဖတ်နိုင်ကြပြီဖြစ်သည်။
ကလေးများ စာဖတ်သည့်အလေ့အထနှင့် ဝါသနာကို စာသင်ကြားမှုနှင့်အတူတွဲ၍ ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် ၎င်းတို့ကြီးပြင်းလာသည့်အခါ စာဖတ်သည့်အလေ့လည်း စွဲမြဲပါလာသည်။ ကလေးများ၏သိလိုစိတ်ကို နှိုးဆွပေးကာ စာဖတ်ခြင်းဖြင့် သိရှိလာနိုင်စေခြင်း၊ စာပေမှ ဗဟုသုတရယူစေခြင်းဖြင့် ကလေးတို့ကို စာအုပ်စာပေများနှင့် နီးကပ်လာစေရမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ကျေးလက်နေလူဦးရေက နိုင်ငံ့လူဦးရေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံ့လူဦးရေ သုံးပုံနှစ်ပုံနေထိုင်ရာ ကျေးလက်ဒေသတွင် စာအုပ်စာပေကို လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်စေရန် ကျေးလက်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးဖို့လိုသည်။ စာကြည့်တိုက်များ ရှင်သန်ရေးတွင် စာငှားသူများက အဓိကဖြစ်ရာ စာပေမြတ်နိုးသူ၊ စာဖတ်ဝါသနာရင့်သန်သူများကိုမူ ကျောင်းသားဘဝတွင် ကျောင်းစာကြည့်တိုက်များမှ စတင်ပျိုးထောင်သွားကြရန် လိုသည်။
အမေရိကန်နိုင်ငံ၏ ၁၈ ယောက်မြောက် ဒုတိယသမ္မတဟောင်း ဟင်နရီဝီလ်ဆင် (၁၈၁၂-၁၈၇၅) မှာ ငယ်စဉ်က လွန်စွာဆင်းရဲသည်။ ဆယ်နှစ်သားအရွယ်တွင် အိမ်မှထွက်၍ လုပ်ခ စားအလုပ်ကို ၁၁ နှစ်မျှကြာအောင် လုပ်ခဲ့ရပြီး တစ်နှစ်မှာ တစ်လသာ ကျောင်းတက်ခွင့်ရခဲ့သည်။ အသက် ၁၀ နှစ်မှ ၂၁ နှစ်အရွယ်အထိ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ရပြီး ပညာကို ခက်ခက်ခဲခဲသင်ယူနေရစဉ်ကာလအတွင်း မိမိကိုယ်မိမိ ပျိုးထောင်ရေး၊ ကြီးပွားတိုးတက်ရေးအတွက် သူ လေးလေး နက်နက်လုပ်ခဲ့သောအလုပ်မှာ စာဖတ်ခြင်းပင်ဖြစ်သည်။ ဟင်နရီဝီလ်ဆင် အသက် ၂၁ နှစ်ပြည့်ချိန်တွင် စာအုပ်ကောင်းတစ်ထောင်ကို ဖတ်ရှုနိုင်ခဲ့ပြီးဖြစ်သကဲ့သို့ ဘဝအတွေ့အကြုံ သင်ခန်းစာများစွာကိုလည်း ရရှိခဲ့ပြီဖြစ်သည်။ ထိုအရည်အချင်းများကပင် သူ့အား ကွန်ဂရက်လွှတ်တော်ထဲသို့ ရောက်ရှိသည်အထိ ဆောင်ကြဉ်းသွားခဲ့ကာ အမေရိကန်ပြည်ထောင်စု၏ ၁၈ ယောက်မြောက် ဒုတိယသမ္မတ ဖြစ်လာစေခြင်းဖြစ်သည်။
ယခုအခါ မိမိတို့နိုင်ငံတွင် ကျောင်းသား ကျောင်းသူလူငယ်များအတွင်း စာပေဖတ်ရှုမှုအလေ့အထနှင့် ဝါသနာများ ရင့်သန်လာစေရေး၊ ဗဟုသုတပြည့်စုံကြွယ်ဝသူများဖြစ်လာစေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အနယ်နယ်အရပ်ရပ်ရှိ အခြေခံပညာကျောင်းများတွင် ကျင်းပလျက်ရှိသည်။ ထို့အတူ ကျောင်းသား ကျောင်းသူများ စာပေဖတ်ရှုရေး ပညာပေးဟောပြောမှုများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပပေးခဲ့ကြသလို စာဖတ်သူများရှိရာ အရောက်သွားသည့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဖြင့်လည်း စာဖတ် ရှိန်မြှင့်တင်မှုများ ပြုလုပ်ပေးလျက်ရှိသည်ကို တွေ့ရသည်။
စာဖတ်သည့်လူမျိုးတို့ တိုးတက်သလို တိုးတက်သည့်လူမျိုး တိုင်းစာဖတ်ကြသည်။ စာဖတ်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းတို့သည်လည်း စာမဖတ်သူများထက် အသိအမြင်ပို၍ ကျယ်ပြန့်သည်။ အတွေးအခေါ်ပို၍ မြင့်မားသည်။ ဗဟုသုတပို၍ ပြည့်စုံသည်။ ကျောင်း၌ သင်ကြားသည့်အတန်းပညာချင်းတူလျှင်ပင် စာဖတ်သူက စာမဖတ်သူထက် ခေါင်းတစ်လုံးပို၍ မြင့်မားသည်။ စာကြည့်တိုက်များဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ပွဲပြီး မီးသေအဖြစ် သဘောမထားဘဲ မိမိတို့ကောင်းရာကောင်းကျိုးအတွက် ဖန်တီးပေးသည့် အခွင့်အလမ်းကောင်း များအဖြစ်ခံယူကာ စာကောင်းပေမွန်ဖတ်ရှုခြင်းကို တစ်သက်တာ စွဲမြဲကြခြင်းဖြင့် အသိပညာဗဟုသုတမိုးကုပ်စက်ဝိုင်းကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် ဖြန့်ကြက်နိုင်ကြပါစေကြောင်း။ ။