Skip to main content

နိုင်ငံတော်က အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်

နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ မရှိမဖြစ်လိုအပ်ပြီး နိုင်ငံတွင် တည်ရှိနေသည့် လူ့စွမ်းအားအရင်းအမြစ်ကို တန်ဖိုးမြင့်မားလာစေရန် ပြုစုပျိုးထောင်ရာတွင်မူ နိုင်ငံ၏ ပညာရေး ကဏ္ဍတွင် အရည်အသွေးမြင့်မားသည့်ဆရာများ မရှိမဖြစ်လိုအပ်သည်။ လက်ရှိ မိမိတို့နိုင်ငံက ပိုင်ဆိုင်ထားသည့် လူ့စွမ်းအားအရင်းအမြစ်၏ အခြေအနေမှာ အားရဖွယ်အခြေအနေမဟုတ်။ သက်ငယ် သက်ကြီး စာမတတ်သူများ သန်းနှင့်ချီ၍ ရှိနေသည်။ နိုင်ငံသားအများစုမှာ အခြေခံပညာအလယ်တန်းအဆင့်မျှသာ တတ်မြောက်သည်။ နိုင်ငံလူဦးရေနှင့် နှိုင်းယှဉ်ပါက ဘွဲ့ရသူ အရေအတွက်မှာ ရှိသင့်ရှိထိုက်သလောက်မရှိဘဲ နည်းနေသည်။ သို့ဖြစ်ရာ အမျိုးသားပညာရေးကဏ္ဍ မြင့်မားလာရေးအတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရာခိုင်နှုန်းမြင့်မားရေး၊ ကျောင်းသား ကျောင်းသူတိုင်း အတန်းပညာများ တတ်မြောက်ရေး၊ တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားရေးတို့ကို မဖြစ်မနေ ဆောင်ရွက်သွားကြရမည် ဖြစ်သကဲ့သို့ မြန်မာ့လူ့ဘောင်ကို ဉာဏ်ပညာဖြင့် တည်ဆောက်ထားသည့် လူ့ဘောင်အသိုက်အဝန်းဖြစ်လာစေရန်မှာ ဆရာ ဆရာမများ၏ တာဝန်ပင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၆) ကျောင်းသား ကျောင်းသူများကို အောက်တိုဘာ ၂၅ ရက်က တွေ့ဆုံအမှာစကားပြောကြားရာတွင် “အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့်၊ ဗလငါးတန်နှင့် ပြည့်စုံသည့်၊ အရည်အချင်း ပြည့်ဝသည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ၏ သင်ကြားပြသမှု၊ သွန်သင်ဆုံးမမှု ကောင်းမွန်မှုအပေါ်တွင် မူတည်နေကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို မှန်ကန်အောင် တည့်မတ်ပေးရေးသည် ဆရာ၊ ဆရာမများ၏ တာဝန်ပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည့် အပြင် “စာသင်ကျောင်းဆိုသည်မှာ စာပေသင်ကြားပေးသည့် နေရာသက်သက်သာမဟုတ်ဘဲ ပညာရေး၏ အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများ ပေးအပ်ခြင်း၊ စဉ်းစား တွေးခေါ်နိုင်စွမ်း၊ အမှားအမှန် ခွဲခြားသုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးနေသည့် နေရာမျိုး ဖြစ်ရန်လည်းလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင် အထည်ဖော်ဆောင်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိသည်။ ပညာရေးဆိုသည်မှာ သင်ယူလေ့လာမှုများမှတစ်ဆင့် ရရှိသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ အရည်အသွေးနှင့် တန်ဖိုးများဖြစ်ပြီး ဘက်စုံပညာရေးဆိုသည်မှာမူ လူတစ်ဦးချင်းစီ၏ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ တတ်မြောက်မှုကိုသာမက ပင်ကိုအရည်အသွေးများ၊ ကိုယ်ရည်ကိုယ်သွေးများကိုပါ မြှင့်တင်ပေးခြင်းဖြစ်သည်။ မိမိတို့ နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆောင်ရွက်လျက်ရှိရာ အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရန် လိုအပ်သည်။

ပြည်ထောင်စုတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်ရှိနေသည့် ပြည်ထောင်စုဖွား လူငယ်ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်က အားထားရသည့် တန်ဖိုးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာစေရန် သင်ကြားလေ့ကျင့်ပေးကြရမည့်သူများမှာလည်း အရည်အသွေးမြင့်မား သည့် ဆရာ ဆရာမများ ဖြစ်ရန်လိုအပ်သည့်အလျောက် တပည့် ကျောင်းသား ကျောင်းသူများကို သင်ကြားပေးခြင်းနှင့်အတူ မိမိတို့၏အရည်အသွေးများ မြင့်သည်ထက်မြင့်မားနေစေရန် စဉ်ဆက်မပြတ် ဖြည့်ကျင့်သွားကြရမည်ဖြစ်သည်။ ပညာရေး ကဏ္ဍ မြင့်မားလာစေရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိရာတွင် ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးလျက်ရှိပြီး အဘက်ဘက်မှလည်း ပံ့ပိုးပေးလျက်ရှိရာ ဆရာ ဆရာမများကလည်း နိုင်ငံတော်အတွက် ဗလငါးတန် ပြည့်စုံ၍ အရည်အသွေးပြည့်ဝသော စိတ်ဓာတ်မြင့်မားပြီး စည်းကမ်းရိုသေ၍ ပညာထူးချွန်သော လူငယ်များဖြစ်လာစေရန် လေ့ကျင့်သင်ကြားပျိုးထောင်ပေးကြရပါမည့်အကြောင်း။ ။