Skip to main content

အသိပညာ၊ ဗဟုသုတနှင့် စိစစ်ဝေဖန် ဆင်ခြင်ဉာဏ်တို့ မြှင့်တင်

လူထုသတင်းပေးမီဒီယာများ၏အစမှာ သတင်းစာများပင် ဖြစ်သည်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက် စသည့် မီဒီယာများထက် ရာစုနှစ်များစွာစောကာ အများပြည်သူအား သတင်းအချက်အလက်များ ဖြန့်ဝေပေးသည့်အလုပ်ကို သတင်းစာများက လုပ်နေခဲ့ခြင်းဖြစ်သည်။ သတင်းစာလုပ်ငန်း အထွတ်အထိပ်သို့ရောက်ရှိခဲ့သည့် ၂၀ ရာစုအတွင်းသို့ ရောက်ရှိလာသည့်အခါ သတင်းစာများကပေးသည့် သတင်းအချက်အလက်များ၏ ဘက်လိုက်မှုနှင့် အဂတိမကင်းမှုကို လည်းကောင်း၊ သတင်းဖတ်ရှုသည့်လူထုအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းရှိမှုတို့ကိုလည်းကောင်း သတိပြုမိလာကြသည်။ ဘက်လိုက်သတင်းများနှင့် သတင်းတု၊ သတင်းမှားများကြောင့် လူ့အဖွဲ့အစည်းအတွင်း အန္တရာယ်ဖြစ်ပေါ်နိုင်သည့်အပေါ်တွင်လည်း စိုးရိမ်လာကြသည်။

၁၉၃၀ ပြည့်နှစ်မတိုင်မီနှင့် ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း သတင်းပရိသတ်များအား သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာများသင်ကြားပေးရန် ကြိုးပမ်းမှုများစတင်ခဲ့သည်။ မီဒီယာများကပေးသည့် သတင်းများကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ ခွဲခြားစိတ်ဖြာနိုင်စွမ်းရှိရန် သတင်းပေးမှုများ ပြုလုပ်ခဲ့သော်လည်း ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ရုပ်မြင်သံကြား မီဒီယာလွှမ်းမိုးမှုကြီးထွားလာခြင်းနှင့်အတူ သတင်းအချက်အလက် သိနားလည်မှုအပေါ် စိတ်ဝင်စားမှုမှာလည်း လျော့နည်းသွားခဲ့သည်။ သို့ရာတွင် မျက်မှောက်ကာလ မီဒီယာသတင်း အချက်အလက်များကို အချိန်အခါနေရာဒေသမရွေး ရယူနိုင်သည့် အိုင်တီနည်းပညာနှင့် မိုဘိုင်းဖုန်းသုံးစွဲမှုများ တိုးတက်မြင့်မားလာခြင်းနှင့်အတူ Media Literacy ခေါ် သတင်းအချက် အလက်သိနားလည်မှုမြှင့်တင်ရန် လိုအပ်သည့်အခြေအနေများလည်း ပေါ်ပေါက်လာသည်။ လူမှုကွန်ရက်သုံးစွဲသူတိုင်းသည် သတင်းဖြန့်ဝေသူများဖြစ်နိုင်သလို သတင်းသုံးစွဲသူလည်းဖြစ်နိုင်ပြီး အချိန်နှင့်အမျှ အပြန်အလှန်စီးဆင်းနေသည့် သတင်းအချက်အလက်များမှာလည်း အတုအယောင်အမှားအယွင်း များစွာရောနှောပါဝင်နေခြင်းဖြစ်ရာ လူတိုင်းမီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုအဆင့်မြင့်မားနေကြရန် လိုသည်။

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က နှစ်စဉ်အောက်တိုဘာလ နောက်ဆုံးရက်သတ္တပတ်ကို ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှု ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး ၂၀၁၂ ခုနှစ်မှစတင်၍ ကမ္ဘာတစ်ဝန်းတွင်ကျင်းပခဲ့ရာ မိမိတို့နိုင်ငံတွင်လည်း ၂၀၁၈ ခုနှစ်မှစတင်၍ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်များ ကမ္ဘာတစ်ဝန်းလုံးရှိ သက်ဆိုင်သူ အားလုံးအတွက် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ တိုးတက်မှုကိုပြန်လည်သုံးသပ်ရန်၊ သတင်းရယူမှုအခြေအနေတိုးမြင့်လာစေရန်နှင့် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာတိုးတက်မှုကို ဂုဏ်ပြုရန်ဖြစ်ပြီး ဤရက်သတ္တပတ်အတွင်း ပြည်သူလူထု၏ အသိပညာများမြှင့်တင်ရေး စည်းရုံးလှုံ့ဆော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ “The New Digital Frontier of Information : Media and Information Literacy for Public Interest Information” “သတင်းအချက်အလက် ဒစ်ဂျစ်တယ်နယ်နိမိတ်အသစ်၊ ပြည်သူ့အကျိုးစီးပွား သတင်းအချက်အလက်အတွက် မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှု” ဟူ၍ ဖြစ်သည်။

သတင်းအချက်အလက် ဒစ်ဂျစ်တယ်နယ်နိမိတ်အသစ်သည် မျိုးဆက်သစ်ဉာဏ်ရည်တုနည်းပညာနှင့် မျိုးဆက်သစ်ဒစ်ဂျစ်တယ်အကြောင်းအရာ ဖန်တီးသူများကဲ့သို့သော နည်းပညာများ၏ အခွင့်အလမ်းနှင့် အန္တရာယ်များကို ရည်ညွှန်းခြင်းဖြစ်ပြီး လျင်မြန်စွာပြောင်းလဲနေသည့် ဒစ်ဂျစ်တယ်အခင်းအကျင်းနှင့် လိုက်လျောညီထွေဖြစ်စေရန်၊ အများပြည်သူ အကျိုးစီးပွားဆိုင်ရာ အချက်အလက်များကို အွန်လိုင်းတွင် ခွဲခြားသတ်မှတ်ရန် အကဲဖြတ်ရန်နှင့် သုံးစွဲသူများအား စွမ်းဆောင်ရည်မြှင့်တင်ရန် ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက် အလက်သိနားလည်မှု ရက်သတ္တပတ်အတွင်း အထူးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ အတုနှင့်အစစ်ခွဲခြား၍မရလောက်အောင် ထပ်တူညီရောထွေးလာပြီဖြစ်သည့် ခေတ်ကာလတွင် အသိပညာဗဟုသုတနှင့် စိစစ်ဝေဖန်ဆင်ခြင်ဉာဏ်ဖြင့်သာ မှားမှန်ရောထွေး အမှန်ရွေးနိုင်ကြမည်ဖြစ်ပါကြောင်း။    ။