ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ပြည်တွင်းဒေသအချို့တွင် မငြိမ်မသက်ဖြစ်ပေါ်ခဲ့မှုတို့က မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ထိခိုက်စေခဲ့သည်။ ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်ပေါ်သည့်ကာလမတိုင်မီက မိမိတို့နိုင်ငံတွင် ပြည်တွင်းခရီးသွား ၁၀ သန်းခန့်နှင့် ပြည်ပခရီးသွား လေးသန်းခန့် နှစ်စဉ်ရှိခဲ့ပြီး ခရီးသွားလုပ်ငန်းတိုးတက်မှုအခြေအနေကောင်းတစ်ရပ် ရရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က ပထမနှစ်ဝက်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည်ခြောက်သိန်းခန့်ဝင်ရောက်ခဲ့ရာ ခရီးသွားလုပ်ငန်းအလားအလာပေါ်တွင် ပြန်လည်မျှော်မှန်းနိုင်မည့်အနေအထားတစ်ရပ်ဟု ဆိုနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ခရီးသွားရာသီမှာ ယေဘုယျအားဖြင့် သီတင်းကျွတ်ကာလမှစတင်၍ သင်္ကြန်ကာလတွင် ပြီးဆုံးသည်ဟု ဆိုနိုင်သည်။ မိုးလေကင်းလွတ်၍ ခြောက်သွေ့သောရာသီဖြစ်သည့်အပြင် ရုံးပိတ်၊ ကျောင်းပိတ်ရက်ရှည်များ၊ ပွဲတော်များ အများစုကလည်း အဆိုပါကာလအတွင်း အများဆုံးပါရှိနေသည်။ လက်ရှိအခြေအနေအရ မြန်မာ့ခရီးသွားလုပ်ငန်းအနေဖြင့် ပြည်တွင်းခရီးသွားများကိုသာ အဓိကမျှော်မှန်းပြင်ဆင်မှုပြုရန်နှင့် ပြည်ပခရီးသွားများ ဝင်ရောက်လာရေးအတွက်လည်း နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ အောက်တိုဘာ ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားခဲ့ရာ “ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်တွင်းပြည်ပခရီးသွားများ များပြားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခရီးသွားများ လာရောက်လည်ပတ်လိုသည့်ဒေသများဖြစ်စေရေး၊ ဒေသများအလိုက် သန့်ရှင်းသာယာလှပပြီး ပန်းပေါင်းဝေဆာသည့်ဒေသများဖြစ်စေရေး ဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ ဒေသအလိုက်ထုတ်ကုန်ပစ္စည်းများကို အဆင့်မီစွာဖြင့် ထုတ်လုပ်နိုင် ရေးဆောင်ရွက်ကြရန်လိုကြောင်း၊ တည်းခိုသည့်ဟိုတယ်များနှင့် တည်းခိုခန်းများ သန့်ရှင်းမှုရှိစေရေးအတွက်လည်း တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း” ထည့်သွင်းပြောကြား ခဲ့သည်။
မိမိနိုင်ငံ၊ မိမိဒေသ၏ ပုံရိပ်ကိုမြှင့်တင်ခြင်းသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးစွာပထမဆောင်ရွက်ကြရမည့်လုပ်ငန်းပင်ဖြစ်သည်။ ဒေသအတွင်း ရှိနှင့်ပြီးဖြစ်သည့် ခရီးသွား ဆွဲဆောင်သည့်နေရာများကို ထင်ရှားလာစေရန် ဖော်ထုတ်ခြင်း၊ မြို့ရွာလမ်းပန်းဆက်သွယ်သွားလာမှု ကောင်းမွန်ချောမွေ့ရေး၊ ရှုခင်းမြင်ကွင်းများ ကောင်းမွန်တင့်တယ်ရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ခြင်း၊ ဒေသအစားအစာများ၊ ဒေသထွက်ကုန်များ သန့်ရှင်းရေးနှင့် အရည်အသွေးကောင်းမွန်ရေး ဆောင်ရွက်ခြင်း၊ မိမိတို့ဒေသ၏ ကောင်းသတင်းများ၊ ထူးခြားထင်ရှားမှုများကို ခရီးသွားများ သိရှိလာစေရန် မီဒီယာနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ်ပြုလုပ်ခြင်းနှင့် ဒေသအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတစိုက်မတ်မတ် ဆောင်ရွက်သွားခြင်းအားဖြင့် ခရီးသွားလုပ်ငန်းများ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ကျန်းမာရေးရှုထောင့်မှကြည့်ပါက ခရီးသွားခြင်းသည် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို သိသာစွာ လျော့ကျစေသည်ဟု ဆိုသည်။ ခရီးသွားချိန်တွင် လှုပ်ရှားရခြင်း၊ သဘာဝနေ၊ လေတို့နှင့်ထိတွေ့ရခြင်း၊ စိတ်ပေါ့ပါးပျော်ရွှင်မှုရခြင်းတို့ကြောင့် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာခံစားမှု ပိုမိုကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေးကို အထောက်အကူ ပြုခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်သည်ဖြစ်ရာ မိမိတို့ဒေသဆီသို့ အလည်အပတ်ရောက်ရှိလာမည့် ခရီးသွားများ သန့်ရှင်းကောင်းမွန်စွာတည်းခိုနေထိုင်နိုင်ရေးအတွက် ဟိုတယ်များနှင့် တည်းခိုခန်းများ သန့်ရှင်းစေရန်၊ အစားအသောက်များ ကျန်းမာရေးနှင့်ညီညွတ်စေရန် တာဝန်ရှိသူများက ကြပ်မတ်ကွပ်ကဲပေးသွားကြရမည်ဖြစ်သည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလိုအပ်ဆုံးအချက်မှာ ခရီးစဉ်ဒေသများ၏အေးချမ်းသာယာမှုနှင့် လုံခြုံမှုပင်ဖြစ်သည်။ ဒေသတစ်ခု အေးချမ်းသာယာမှု၊ လုံခြုံမှုမရှိပါက ခရီးသွားလုပ်ငန်းမျှသာမက မည်သည့်လုပ်ငန်းကိုမှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်မဟုတ်သည့်အလျောက် ဒေသများ အေးချမ်းသာယာရေးကို ဦးစွာဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့ဒေသများအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်မလာရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှသာ မြန်မြန်ဆန်ဆန်အောင်မြင်နိုင်မည်ဖြစ်ရာ ဒေသအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်သူများ၏တက်ကြွသောအင်အားဖြင့် ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။