Skip to main content

တည်တည်ငြိမ်ငြိမ်ဖြင့် စိတ်ဓာတ်မြှင့်တင်ရင်း

စက်တင်ဘာလ ၂၄ ရက်နေ့တစ်ရက်တည်း ကိုဗစ်ရောဂါပိုး ဓာတ်ခွဲ အတည်ပြုလူနာ တစ်ထောင်ကျော်သွားသည့်အတွက် မြန်မာနိုင်ငံသားတို့အကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ရပါသည်။ စိုးရိမ်ပူပန်မှုများရှိလာသည်နှင့်အတူ အမြဲတမ်းလိုလို လှုပ်ရှားတက်ကြွနေသည့် မြို့ကြီးများသည် ငြိမ်သက်တိတ်ဆိတ်သွားပါသည်။ လူအသွားအလာ၊ ကားအသွားအလာများ သိသိသာသာလျော့ပါး သွား၏။ စိုးရိမ်ပူပန်မှုကို ကာကွယ်ရေးစည်းမျဉ်းများ လိုက်နာခြင်းဖြင့် နိုင်ငံသားတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဟု ဆိုရမည်ပင်။

ယနေ့ မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးရည်မှန်းချက်မှာ ကိုဗစ်ရောဂါပိုး ထပ်ဆင့်ပြန့်ပွားမှု နည်းပါးပပျောက်သွားအောင် ထိန်းချုပ်နိုင်ရေးဖြစ်၏။ ထိုသို့ ထိန်းချုပ်နိုင်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အခြေခံစည်းမျဉ်း စည်းကမ်းများကို လိုက်နာကျင့်ကြံကြရန် ဖြစ်ပါသည်။

မထွက်မဖြစ် ထွက်ရမည့် အကြောင်းကိစ္စများမှလွဲ၍ အိမ်တွင်းမှာသာ နေကြရန်လို၏။ ဤစည်းမျဉ်းသည် အခြေခံအကျဆုံးဖြစ်ပါသည်။ မိမိကိုယ်တိုင် အပြင်မထွက်ရန်၊ ပြင်ပဧည့်သည် များ အိမ်တွင်းသို့ မလာစေရန်ဖြစ်၏။ လူချင်းဆက်ဆံမှုကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်စေရန် လို၏။ မလာမဖြစ်လာသူတို့ကို လက်ခံရမည်ဆိုပါကလည်း အိမ်ရှင်ဖြစ်သူရော၊ ဧည့်သည်ဖြစ်သူပါ နှာခေါင်းစည်းကို စနစ်တကျမှန်မှန်ကန်ကန် ဝတ်ဆင်ကြရန်လိုပါ၏။ လူချင်းတွေ့ဆုံဆက်ဆံမှုကို ဖြတ်တောက်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းမျှလောက်ကို လိုက်နာရုံမျှဖြင့် ကိုဗစ်ပိုးပြန့်ပွား မှုကို များစွာတားဆီးနိုင်ပါမည်။

ပြီးလျှင် လက်ဆေးကြရန်ပါပဲ။ ရေနှင့် ဆပ်ပြာရည်ဖြင့် စက္ကန့် ၂၀ ကြာ အချိန်ယူဆေးကြော ခြင်းသည် ရောဂါပိုးပြန့်ပွားမှုကိုတားဆီးရာတွင် ပိုမိုထိရောက်ပါလိမ့်မည်။

သာမန်ပြည်သူတို့အနေဖြင့် ဤမျှလောက်သာဖြစ်သော အခြေခံစည်းမျဉ်းတို့ကို လိုက်နာခြင်းဖြင့် ရောဂါပိုးပျံ့နှံ့မှု များပြားကျယ်ပြန့်လာ နေမှုကို သိသိသာသာလျော့ကျသွားစေမည် ဖြစ်ပါသည်။ ယခု တစ်ကျော့ပြန် ရောဂါပိုးပြန့်ပွားမှုတွင် လူနာသေဆုံးမှု တိုးမြင့်လာခြင်းသည်လည်း ပြည်သူလူထုအကြား စိုးရိမ်ပူပန်စရာ ဖြစ်နေမည်မှာ မုချပင်။ ကာလကြာ ဖြစ်ပွားနေခဲ့ရာတွင် ခြောက်ဦးသာ တိမ်းပါးဖိတ်စဉ်မှုရှိခဲ့ရာမှ ယခုဖြစ်ပွားလာမှုဂယက်တွင် သေဆုံးသူ ၁၇၀ ကျော်ဖြစ်လာခြင်းက စိတ်ပူစရာဖြစ်ပါသည်။ ပြည်သူတို့သာမက တာဝန်ရှိသူများအားလုံးပင် ယင်းအတွက် စိုးရိမ်ကြပါသည်။ အဓိကအားဖြင့် ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်ချိန်တွင် သို့မဟုတ် ရောဂါရှိလာပြီဟု ကိုယ်တိုင်သံသယရှိချိန်တွင် ဆေးရုံနှင့် တာဝန်ရှိ တတ်ကျွမ်းနားလည်သူတို့ထံ မသွားဘဲ အိမ်တွင်း၌ ထင်ရာမြင်ရာကြားဖူးရာ ဆေးမြီးတိုများ၊ အခြေအမြစ်ခိုင်ခိုင် လုံလုံမရှိသည့် တတ်ယောင်ကား ကုထုံးကုနည်းများဖြင့် ကုသနေခြင်းဖြင့် အချိန်လွန် နောက်ကျသွားရသည်တို့ရှိနေကြောင်း သိရပါ၏။

ပြည်သူတို့ သတင်းတု သတင်းယောင်များ၊ လုပ်ကြံသတင်းများ၊ ပုံကြီးချဲ့သတင်းများကို နားမယောင်ကြဖို့ လိုပါမည်။ ယနေ့ချိန်ထိ သေချာစိတ်ချရသောကာကွယ်ဆေး ကုသဆေး ကမ္ဘာပေါ်တွင် မပေါ်ပေါက်သေး။ လူအများသုံးစွဲနိုင်ရန် စိတ်ချရသည့် ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီဆိုလျှင် မြန်မာနိုင်ငံကလည်း လိုအပ်သလို ရရှိနိုင်ရန် စီစဉ်ဆက်သွယ်မှုများ ပြုလုပ်ဆောင်ရွက်နေပါသည်။

ထို့ကြောင့် လက်ငင်းကာလတွင် ရောဂါပိုးမကူးစက်အောင် ကာကွယ်ကြရန်နှင့် ရောဂါကူးစက်ပြီဟု သံသယရှိပြီဆိုလျှင် အချိန်မီ ကုသမှုခံယူကြရန်လိုပါသည်။

ရောဂါပိုး ရှိ မရှိ စမ်းသပ်စစ်ဆေးနိုင်မည့် ကိရိယာတစ်သိန်းကို တောင်ကိုရီးယားနိုင်ငံမှ တင်သွင်းရန် နိုင်ငံတော်က မှာယူထားပြီး ဖြစ်သည်ဟု သိရပါသည်။ ရက်ပိုင်းအတွင်းတွင် ခရိုင်/ မြို့နယ်ဆေးရုံများသို့ ရောက်ရှိလာတော့မည် ဖြစ်၏။ ထို့ကြောင့် သံသယရှိသည်နှင့် အိမ်တွင် ကျိတ်ကာ ဆေးမြီးတိုဖြင့် ကုမည့်အစား ခရိုင်/ မြို့နယ်ဆေးရုံများသို့ ချက်ချင်းသွားရောက်ကြရန် လိုပါသည်။ ထိုဆေးရုံတို့တွင်သံသယရှိသူများကို ချက်ချင်းစစ်ဆေးနိုင်မည် ဖြစ်ပါသည်။ ရောဂါပိုးရှိလျှင် ရောဂါဖြစ်ပွားမှု အတိမ်အနက်ပေါ်တည်၍ လိုအပ်သည့် ဆေးရုံများသို့ ပို့ဆောင်ကာ ကုသနိုင်ရန် အစီအမံများ ပြုလုပ်ထားပါသည်။

ထို့ပြင် ယခု ကိုဗစ်ရောဂါသည် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် အားလျော်စွာ နိုင်ငံတကာအနေဖြင့်ရော၊ ပြည်တွင်းအနေဖြင့်ရော စီးပွားရေးအရ ထိခိုက်မှုများရှိနေသည့်အတွက်ပြည်သူလူထုအကြား ပူပန်နေကြသည်မှာ သဘာဝကျပါသည်။ သို့သော်လည်း ကိုဗစ်အလွန် စီးပွားရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများအပေါ် ပူပန်လွန်မှုများ များစွာဖြစ်ရန်မလိုကြောင်း၊ အစီအမံများပြုလုပ်နေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများအရ အလွန်အမင်း စီးပွားရေးကျဆင်းသွားခြင်းမရှိကြောင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက် ပါသည်။

ယနေ့အခြေအနေက ကျန်းမာရေးပြဿနာ၊ စီးပွားရေး အက်အခဲ၊ လူမှုရေးအကျပ်အတည်း စသည်တို့ ရှိနေသည်မှာ မှန်သော်လည်း နိုင်ငံသားအားလုံး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကြရမည်သာ ဖြစ်ပါ၏။ စိုးရိမ်ပူပန်မှုလွန်ခြင်းက စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ဖြစ်စေကာ ကိုယ်ခံစွမ်းအားကျဆင်းစေနိုင်၏။ ကိုယ်ခံစွမ်းအားကျဆင်းခြင်းက ရောဂါပိုးကူးစက်ရန် ပိုမိုလွယ်ကူစေပါလိမ့်မည်။ ပူပန်သောက များနေခြင်းအား ပြည်သူတစ်ဦးချင်းစီက တည်တည်ငြိမ်ငြိမ်ဖြင့် မိမိကိုယ်ကိုယ်ကျန်းမာအောင် ဂရုပြုနေထိုင်ကာ ကျန်းမာရေးအခြေခံ စည်းမျဉ်းများကို လိုက်နာခြင်းဖြင့် ကိုဗစ်ကပ်ရောဂါဘေးကို အောင်မြင်ကျော်လွှားကြပါစို့ဟု တိုက်တွန်းအပ်ပါကြောင်း။      ။