နေပြည်တော် အောက်တိုဘာ ၁
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြော တင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံသူ နိုင်ငံသား မြန်မာပြည်သူများ ခင်ဗျာ-
မြန်မာပြည်သူများအားလုံးကို မင်္ဂလာပါလို့ ဂါရဝပြုနှုတ်ခွန်းဆက်သ လိုက်ပါတယ်။
ကျွန်တော်က မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီရဲ့ ပါတီဥက္ကဋ္ဌ ဦးဌေးကျော်ဖြစ်ပါတယ်။
မြန်မာပြည်သူများဆိုတာက ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနဲ့ တိုင်းရင်းသားမျိုးနွယ်စုများ အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော်ကို ရည်ညွှန်း ထားတာပဲ ဖြစ်ပါတယ်။
ပါတီဖွဲ့စည်းတည်ထောင်ရတဲ့ အကြောင်းရင်းကတော့ ၂၀၁၀ ပြည့်နှစ် နဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်အရ ပေါ်ပေါက်ခဲ့တဲ့ အစိုးရ၊ လွှတ်တော်၊ တရားရေးမဏ္ဍိုင်များရဲ့ ဆောင်ရွက်ချက်များကို နှိုင်းယှဉ် ဆန်းစစ်ပြီး အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်များကို သင်ခန်းစာယူ လျက် နိုင်ငံတော် တည်ဆောက်ရေးနဲ့ ပြည်သူ့ဘဝ လုံခြုံအေးချမ်းပြီး လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အဖွဲ့အစည်းတစ်ရပ်တည်းနဲ့ ဆောင်ရွက်လို့မရဘဲ တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးအင်အားစုများ၊ စီးပွားရေး အင်အားစုများ၊ လူမှုရေးအင်အားစုများ၊ ကာကွယ်ရေးနဲ့ လုံခြုံရေး အင်အားစု များ၊ နိုင်ငံသား ပြည်သူများအားလုံး ဆောင်ရွက်ကြမှသာ ပြည်သူ့ဆန္ဒနဲ့ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်မယ်၊ နိုင်ငံ တော်အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်မယ်ဆိုတဲ့ အကြောင်းကြောင့် အုပ်ချုပ်ရေးစနစ် တစ်ခုမှ တစ်ခုသို့ ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း ဖြစ်စဉ်နဲ့ ပကတိဖြစ်ပေါ်နေတဲ့ အရှိတရားများရဲ့ တောင်းဆိုချက်များအရ မြန်မာပြည်သူများရဲ့ အကျိုး အတွက် ပါတီဖွဲ့စည်း တည်ထောင်ရခြင်းဖြစ်ကြောင်း တင်ပြ အပ်ပါတယ်။
၂၀၁၇ ခုနှစ် မေလ ၁၈ ရက်နေ့မှာ နိုင်ငံရေးပါတီမှတ်ပုံတင် အမှတ် (၁၀၂) အရ တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုချက်ရရှိပြီးဖြစ်လို့ ပါတီဟာ ဥပဒေအရ ဥပဓိဂုဏ်ရှိသော ပါတီ (Legal Personality Party) ဖြစ်ကြောင်း တင်ပြအပ်ပါ တယ်။
ပါတီရုံးချုပ်ကတော့ ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ပဲခူးလမ်းရပ်ကွက်၊ ဦးဘသင်း လမ်း၊ အမှတ်(၃) မှာ တည်ရှိ ပါတယ်။
ပါတီရဲ့ ဦးတည်ချက်ကတော့ ပြည်သူ့ဆန္ဒနဲ့ သဘောထားဖြစ်တဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ပြည်သူ့အုပ်ချုပ်ရေး စနစ်တည်ဆောက်ရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကိစ္စ အဝဝမှာ ပြည်သူ့ကိုယ်စားပြု ပါဝင်ဆောင်ရွက်ခွင့်၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့်နဲ့ ရွေးချယ် ဆုံးဖြတ်ခွင့်များ ပြည်သူများလက်ဝယ်ရရှိဆောင်ရွက်နိုင်ရေးစတဲ့ ဒီမိုကရေစီရေးနှင့် အမျိုးသားသွေး စည်းညီညွတ်ရေးကို အခြေခံပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရေး ဖြစ်ပြီး အမျိုးသားရေးမူဝါဒနှင့်အညီ နိုင်ငံ့အရေးကို ဦးတည်ဆောင်ရွက် သွားရန်ဖြစ် ကြောင်း တင်ပြ အပ်ပါတယ်။
ပါတီရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဟာ နိုင်ငံသား ပြည်သူများ ပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်း တစ်ရပ်ကမှ ပိုင်ဆိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် ဖြစ်တဲ့ ပြည်သူများ ကိုယ်တိုင် ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများနှင့် တစ်သားတည်း ခံယူလျက် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားနိုင်ရေးပဲ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
ပါတီရဲ့အခြေခံမူကတော့ ပြည်သူ့အကျိုးစီးပွားနဲ့ ပြည်သူ့ဘဝကို ထိခိုက် နစ်နာစေမယ့် အာဏာရှင်/အာဏာရှင်ပုံစံအမျိုးမျိုးနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ခေတ်မီသော ပြည်သူ့အကျိုးပြုမူဝါဒများကို အခြေခံသော မူဝါဒ နဲ့ စည်းမျဉ်းဥပဒေအခြေပြု အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဒီမိုကရက်တစ်နိုင်ငံ ရေးစနစ်ဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်၊ ကောင်းမွန်သန့်ရှင်းသော ပြည်သူ့ အုပ်ချုပ်ရေးစနစ်ကို ရေရှည်ခိုင်ခိုင်မာမာ ဝိုင်းဝန်းတည်ဆောက်သွားရန်ဖြစ် ကြောင်း တင်ပြအပ်ပါတယ်။
ပါတီမူဝါဒ အနှစ်ချုပ်ကတော့ ပြည်သူလူထုအကျိုးစီးပွားကို အခြေခံတဲ့ မူဝါဒ၊ တစ်နည်းအားဖြင့် ပြည်သူ့ရေးရာမူဝါဒ (Public Policy)များပဲ ဖြစ်ပါတယ်။ ပြည်သူများကြောင့် နိုင်ငံတော်ဖြစ်တည် ရှိလာသကဲ့သို့ နိုင်ငံတော် ဖြစ်တည် လာခြင်းကြောင့်လည်း ပြည်သူများရပ်တည်နေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူများဟာ အဓိကအခြေခံကျသကဲ့သို့ နိုင်ငံတော်ဟာလည်း ပဓာနကျပါတယ်။ ပြည်သူကို အခြေမခံ ပြည်သူတွေကို ဗဟိုမပြုဘဲ ပြည်သူ့အကျိုးစီးပွားကို မျက်ကွယ်ပြုပြီး အပေါ်ထပ် အဆောက် အအုံဖြစ်တဲ့ နိုင်ငံတော်တည်ဆောက်ရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ တစ်ဖက်သတ် ဇောင်းပေး လုပ်ဆောင်နေမယ် ဆိုရင်ဖြင့် ရွှေကျောင်းပြောင်ပြောင်၊ ဝမ်းခေါင်ခေါင်ဘဝနဲ့ပဲ ပြည်သူများ ဘဝ မလုံခြုံ၊ အထွေထွေအကျပ်အတည်းများနဲ့ တွေ့ကြုံရပြီး ပြည်သူတွေနွမ်း၊ အစိုးရပန်းပြီး အချိန်တွေသာကုန် လှေကွဲစီး ခရီးမတွင် လိုရာခရီးပန်းတိုင် မရောက်ဖြစ်မှာမို့ ပြည်သူတွေရဲ့ဘဝ အားကောင်း မောင်းသန်ဖြစ်စေမယ့် ပြည်သူ့ဘဝအတွက် အခြေခံစီးပွားရေးကို ချန်မထားဖို့၊ မလစ်ဟာဖို့ ဦးစားပေး ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ပြည်သူများရဲ့ လူမှုစီးပွားအခြေခံကောင်းတွေ ပိုင်ဆိုင်ပြီး ပြည်သူတွေ လက်တွေ့အကျိုးခံစားလာရရင် ရေမြင့်ရင် ကြာတင့် သလိုပါပဲ၊ နိုင်ငံတော်လည်း မြင့်မား/ဖွံ့ဖြိုးတိုးတက်လာမှာ မလွဲဧကန်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ကမ္ဘာနှင့်အဝှမ်း ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို ခံစားရတဲ့အချိန်မှာ မြန်မာပြည်သူများလည်း တွေ့ကြုံ ခံစားရတဲ့အတွက်ကြောင့် ပြည်သူများဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုဘဝ ကဏ္ဍစုံမှာ အဘက်ဘက်က ထိခိုက်နစ်နာပြီး အခက်အခဲအကျပ်အတည်းပေါင်းစုံ၊ ပြဿနာပေါင်းစုံ၊ ဘဝမွန်းကျပ်မှုပေါင်းစုံနဲ့ နေ့စဉ် ရင်ဆိုင်တွေ့ကြုံဖြေရှင်း ရုန်းကန် နေရတဲ့အတွက်ကြောင့် အစိုးရအနေနဲ့ ပြည်သူ့အရေး အချိန်နဲ့တစ်ပြေး ညီ အမြန်ဦးစားပေး ဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း တင်ပြအပ်ပါတယ်။
ပါတီရပ်တည်ချက်ကတော့ ပါတီရဲ့ ရပ်တည်ချက်အခြေခံမဏ္ဍိုင် (၃)ရပ် အပေါ်မှာ မသွေဖည်ဘဲ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံဟာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုး ၁၀၀ ကျော်ရှိနေတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးပေါင်းစုံဟာ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေနဲ့ ယုံကြည်ကိုးကွယ်မှု အသီးသီး ရှိကြပါတယ်။ ကိုယ်ပိုင်အမျိုးသားလက္ခဏာများလည်းရှိကြပါတယ်။ မတူကွဲပြား မှုရှိကြပေမယ့် ခွဲခြားမှုမရှိဘဲ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် သွေးချင်း မိသားစုများအဖြစ် အတူတကွ ပေါင်းစည်းနေထိုင်လာခဲ့ကြတာ နှစ်ပေါင်း ထောင်ချီကြာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းစဉ်လာတွေ၊ မြန်မာ့လူမှုကျင့်ဝတ်တွေဟာ ပြည်ထောင်စုပင်စည်ကြီးက ပေါက်ဖွားလာပြီး လက်ဆင့်ကမ်းကျင့်သုံး ထိန်းသိမ်း စောင့်ရှောက် ခဲ့ကြတာ ယနေ့ထိတိုင်ပဲဖြစ်ပါတယ်။
တိုးတက်ပြောင်းလဲလာသောခေတ်နဲ့အညီ သဘောတရား၊ အတွေးအခေါ် အယူအဆတွေ ဘယ်လိုပဲ ပြောင်းပြောင်း ပြောင်းလဲကျင့်သုံးဆောင်ရွက်ကြပေမယ့် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာတွေ၊ အစဉ် အလာလိုက်နာ ကျင့်သုံးခဲ့တဲ့ လူမှုကျင့်ဝတ်တွေကို ထိခိုက်ယုတ်လျော့စေ ခြင်းမရှိရန်လိုအပ်ပါတယ်။ ပကတိအရှိတရားတွေနဲ့လည်း ကင်းကွာ၊ ဓမ္မဓိဋ္ဌာန် လည်းမကျ၊ လျော်ကန် သင့်မြတ်မှုလည်းမရှိ၊ မြန်မာပြည်သူများနှင့်လည်း အံဝင်ခွင်မကျ၊ သဟဇာတမဖြစ်၊ မြန်မာနိုင်ငံနှင့်လည်း လက်တွေ့ကျင့်သုံးရန် မကိုက်ညီ၊ မသင့် လျော်သောနိုင်ငံတော်နှင့် ပြည်သူများကိုသာ ထိခိုက်နစ်နာ စေမည့် ပြည်ပမှ ပုံတူကူးချသည့် ဝါဒသဘောတရား အယူအဆ၊ မူဝါဒ၊ ကျင့်စဉ် များကိုဆန့်ကျင်ပြီး ရည်ရွယ်ချက်တူ၊ မူဝါဒတူ လူပုဂ္ဂိုလ်/အဖွဲ့အစည်းများနှင့် ပြည်သူ့အကျိုးစီးပွားအတွက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပါတီရဲ့ ရပ်တည်ချက် အခြေခံမဏ္ဍိုင် (၃)ရပ်ကို တင်ပြရရင်-
(၁) အမျိုးသား အကျိုးစီးပွား (National Interest)
(၂) အမျိုးသား လုံခြုံရေး (National Security)
(၃) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး (National Development) တို့ဖြစ်ပါတယ်။
ပါတီအနေဖြင့် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းကို နိုင်ငံတော်နဲ့ ပြည်သူများအတွင်း ထွန်းကားရေး အစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာ့သမိုင်းရဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ပြီး အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ အကျိုးကို ဝံသာနုရက္ခိတ တရားနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်လျက် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဘဲ စောင့်ထိန်း ဆောင်ရွက်သွားမယ်ဆိုတာ တင်ပြအပ်ပါတယ်။
ပါတီအနေဖြင့် ဒီမိုကရက်တစ်နိုင်ငံသား ပြည်သူ့အခွင့်အရေးများဖြစ်တဲ့-
(၁) နိုင်ငံသားပြည်သူများရဲ့ မူလအခွင့်အရေးများ ရရှိစေရန်
(၂) အရည်အချင်း ချို့ယွင်းတာဝန်မကျေ ပျက်ကွက်တဲ့ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်
(၃) စွပ်စွဲပြစ်တင်တာဝန်မှ ရပ်စဲခွင့်
(၄)ပြည်သူ့အဆုံးအဖြတ်ရယူရေးအတွက်ပြည်လုံးကျွတ်ဆန္ဒခံယူခွင့်များကိုပြည်သူများရရှိခံစားကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
ပါတီအနေဖြင့် မြန်မာနိုင်ငံရေးသမိုင်းကြောင်းအရ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့်တပ်မတော် ရဲ့ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး၊ အမျိုးသား နိုင်ငံရေးတာဝန်များကို ပကတိအရှိတရားများအဖြစ် ဓမ္မဓိဋ္ဌာန်ကျကျလက်ခံပြီး နိုင်ငံတော်၏ တရားဝင် တစ်ခုတည်းသော တပ်မတော်အဖြစ် အသိ အမှတ်ပြုပါတယ်။ နိုင်ငံတော် တည်ဆောက်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တပ်မတော် အပါအဝင် နိုင်ငံအင်အားစုအားလုံး၊ အင်စတီ ကျူးရှင်း အားလုံးနဲ့ ပူးပေါင်းလက်တွဲဆောင် ရွက်သွားမှ သာလျှင် လမ်းမပျောက်ခရီးပေါက် ပန်းတိုင်ရောက်ပြီး ရလဒ်ရမှာဖြစ်ပါတယ်။ အရပ်ဘက်စစ်ဘက်ဆက်ဆံရေးမှတစ်ဆင့် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ ဟန်ချက်ညီညီ သဟဇာတဖြစ်ပြီး အရပ်ဘက်-စစ်ဘက်တစ်သားတည်းအတူတကွအားလုံးပူးပေါင်း လက်တွဲဆောင်ရွက်မှ သာ အားလုံး ပန်းတိုင်ရောက်မှာဖြစ်ပြီး ရွှေပြည်တော် မျှော်လေတိုင်းမဝေး တော့ဘဲ ပြည်သူ့ဆန္ဒပြည့်ဝပြီး သားရွှေအိုး ထမ်းတာ ကို မြင်တွေ့ ရမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
ပါတီစုံ ဒီမိုကရေစီစနစ်မှာ ပါတီစုံရှိနေလို့ ပြည်သူများအနေနဲ့ စိတ်ကြိုက် ရွေးချယ်ခွင့် (choice) ရရှိမှာဖြစ်ပါတယ်။ တစ်ပါတီစနစ်မှာ ရွေးချယ်ခွင့် မရှိပါဘူး။ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်၊ မင်းတစ်လှည့် ငါတစ်လှည့်ဖြစ်နေတဲ့ နှစ်ပါတီစနစ်ထက် ယခု ပါတီစုံစနစ်ကတော့ ပြည်သူတွေအတွက် စိတ်ကြိုက် ရွေးချယ်ခွင့် အခွင့်အရေးကောင်း ရရှိနေပါတယ်။ အခွင့်အရေးကို ပြည်သူများအနေနဲ့ ကောင်းကောင်း အသုံးချစေလိုပါကြောင်း တင်ပြအပ်ပါတယ်။
ခိုင်မာအားကောင်းသည့် အစိုးရနဲ့မျှတသည့် အစိုးရကိုရဖို့ဆိုတာ ရွေးကောက်ပွဲစနစ်ဟာ အဓိကအခရာ ကျနေပါတယ်။
ဒါကြောင့် နိုင်ငံရေးအနှစ်သာရအားဖြင့်လည်းကောင်း၊ ပြည်သူ့ဆန္ဒဖော် ထုတ်ရာတွင်လည်းကောင်း၊ ပြည်သူ အားလုံးရဲ့ ပါဝင်ခွင့်၊ ကိုယ်စားပြုခွင့်ကို လည်းကောင်း၊ မျက်ကွယ်ပြု တရားမျှတမှုကို အားနည်းစေသော ခေတ်နောက် ကျနေသည့် ရွေးကောက်ပွဲစနစ်အစား ခေတ်မီ၍ တရားမျှတသော စစ်မှန်သည့် ဒီမိုကရေစီ နည်းကျသော ရွေးကောက်ပွဲစနစ်ဖြင့် အစားထိုးပြောင်းလဲကျင့်သုံး သွားဖို့ အချိန်တန်ပြီဖြစ်ကြောင်း တင်ပြ အပ်ပါတယ်။
မူဝါဒကောင်းနဲ့ မူဝါဒကို အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်ကောင်း နှစ်ခုဟာ သဟဇာတဖြစ်ပြီး ကိုယ်စားလှယ် ကောင်းက လေကြီးမိုးကြီးမပြောဘဲ ပြောတဲ့အတိုင်းလုပ်၊ လုပ်တဲ့အတိုင်းပြော၊ အပြောနဲ့ အလုပ်ညီမှသာ ပြည်သူ့အကျိုး စီးပွားကို ဖော်ဆောင်နိုင်မှာဖြစ်ပြီး ရလဒ်ကောင်းရမှာဖြစ်ပါတယ်။ လူကို မကြည့်ဘဲ ပါတီကိုကြည့်ရင် ပါတီပဲမြင်မှာ ဖြစ်ပါတယ်။ ပါတီကို မကြည့်ဘဲ လူကိုကြည့်ရင် လူပဲမြင်မှာ ဖြစ်ပါတယ်။ ပါတီစုံရွေးကောက်ပွဲမှာ တစ်ပါတီတည်း လူတစ်ယောက်တည်းကိုကြည့်ရင် တစ်ပါတီတည်း လူတစ်ယောက်တည်းကို မြင်နေမှာဖြစ်ပါတယ်။ ပါတီစုံစနစ်မှာ ပါတီအားလုံးတွင် ပြည်သူတွေ အားထား နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ကိုယ်စား လှယ်ကောင်းတွေ များစွာရှိ နေပါတယ်။ ပါတီအားလုံး၊ လူအားလုံးကို မြင်အောင်ကြည့်ကြဖို့ ပန်ကြားတင်ပြလိုပါတယ်။
မြန်မာပြည်သူများခင်ဗျာ..
ပါတီအမှတ်တံဆိပ်မှာဖော်ပြထားတဲ့အဝါရောင်ဟာ ဒီမိုကရေစီကို ကိုယ်စားပြုဖြစ်ပါတယ်။ အနီရောင်စက်ဝိုင်းဟာ အမျိုးဘာသာ သာသနာနဲ့ အမျိုးသားရေးအတွက် ရဲရင့်ပြတ်သားစွာ ဆောင်ရွက်မယ်ဆိုတဲ့အဓိပ္ပာယ် ကို ဖော်ဆောင်ပါတယ်။ အရွယ်တူ ကြယ်ဖြူ(၁၄)လုံးဟာ တန်းတူညီမျှတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးများကို ဖော်ဆောင်ပါတယ်။ အပြာရောင်ဟာ ထာဝရငြိမ်းချမ်းရေးကို ရည်ညွှန်းပါတယ်။ ရွှေရောင်မြန်မာပြည်မြေပုံကတော့ နိုင်ငံတော်နဲ့ နိုင်ငံသား ပြည်သူများကို ကိုယ်စားပြုပါတယ်။ ရွှေရောင်ကြယ် ကြီးက နိုင်ငံတော်နဲ့ နိုင်ငံသားပြည်သူတွေဟာ ကမ္ဘာတည်သရွေ့ အစဉ် ထာဝရ ထွန်းလင်းတောက်ပထည်ဝါစွာ ရပ်တည်နေမယ်ဆိုတာကို ဖော်ညွှန်း ထားတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်ရပ်ကွက်များ၊ ထောက်ကြန့်မြို့ ရပ်ကွက်များ၊ နွယ်ခွေနှင့် ပျဉ်းမပင်ကျေးရွာအုပ်စု မဲဆန္ဒရှင်ပြည်သူများ၊ မကွေးတိုင်းဒေသကြီး သရက်မြို့ရှိရပ်ကွက်များ၊ ပိတောက်ပင်၊ အင်းမငယ်၊ ရေမျက်၊ ဘန်းကုန်း၊ တလပါး၊ တွင်းလယ်၊ ပေါက်ဦး ကား၊ ရွာမ၊ တုံ၊ ပါးပွတ်၊ ပုဏ္ဏားကုန်း၊ ပျဉ်းအိုင်၊ ဆင်တော်၊ ကြိုးကြာ၊ မင်းတဲ၊ ပျဉ်းတောင်၊ ထုံးတောင်၊ ပိဿလိမ်း၊ ပြရေ၊ ရေပေါ် ကျွန်း၊ ရေဖြူကျေးရွာအုပ်စု ရွာများရှိ မဲဆန္ဒရှင်ပြည်သူများခင်ဗျာ..
ကျွန်တော်တို့ပါတီရဲ့ ကိုယ်စားလှယ်လောင်းများကို ပါတီက ပြည်သူ့ထံ အပ်နှံပါတယ်။ ကျွန်တော်တို့ပါတီရဲ့ ရွှေရောင်မြန်မာပြည် အမှတ်တံဆိပ်နဲ့ ကိုယ်စားလှယ်လောင်းများကို အင်တိုက်အားတိုက် အားပေးထောက်ခံ ဆန္ဒမဲ ပေးကြဖို့ ပြည်သူ့ဆန္ဒမဲ တောင်းခံရင်း နိဂုံးချုပ်အပ်ပါတယ်။
မြန်မာပြည်သူများအားလုံး….ကပ်ရောဂါဘေး ကင်းဝေးပြီး ဘေးကင်း ရန်ကွာ ကျန်းမာချမ်းသာကြပါစေ…..
ကျေးဇူးတင်ပါတယ်။