နေပြည်တော် ဧပြီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် အောင်ပန်းမြို့အတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် ကလောမြို့ သာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
တာဝန်ရှိသူများအား လမ်းညွှန်မှာကြား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ဟိုတယ်အောင်ပန်းသို့ ရောက်ရှိကြပြီး ဟိုတယ်အောင်ပန်းကူညီကယ်ဆယ်ရေးလုပ်ဆောင်မှုများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် အောင်ချမ်းသာစာသင်တိုက်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနဟိတကာရီကျောင်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကလောမြို့သို့ရောက်ရှိကြပြီး ကလောဘူတာ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကလောခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ကလောချောင်းတစ်လျှောက် ချောင်းချဲ့ခြင်း၊ တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကလောမြို့နယ် စည်ပင်သာယာရေးဌာနမှ ကလောဘူတာရှေ့တွင် မြေယာရှုခင်းအသစ်ပြုလုပ်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ကလောချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းမရှိစေရေး မှာကြား
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကလောချောင်းတစ်လျှောက်ရေများ ပိတ်ဆို့နေခြင်းမရှိဘဲ စဉ်ဆက်မပြတ် စီးဆင်းမှုရှိစေရေးအားလုံးက ဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း၊ ချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းများ မရှိစေရေးအတွက်လည်း အသိပညာပေးခြင်း၊ ဒဏ်ရိုက်ခြင်းတို့ဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နေထိုင်သည့် ဒေသသာယာလှပရေးနှင့် လူနေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သဖြင့် ဒေသခံများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ကလောချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်မှုရှိစေရေး ချောင်းချဲ့ခြင်းနှင့် တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မြေယာရှုခင်းဖော်ဆောင်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကလောဘူတာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘူတာရုံအနေဖြင့် စနစ်တကျရှိရမည်ဖြစ်ပြီး ခြံစည်းရိုးကာရံထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဘူတာရုံအဝန်းအဝိုင်းအတွင်း မီးရထားဝန်ထမ်းများနှင့် ရထားစီးခရီးသည်များသာ ရှိရမည်ဖြစ်ပြီး စနစ်ကျနပြီး သန့်ရှင်းသပ်ရပ်မှုရှိသည့် ဘူတာရုံဖြစ်ရန်လိုကြောင်း၊ ဘူတာရုံသမိုင်းမှတ်တမ်းဓာတ်ပုံများကိုလည်း စနစ်တကျဖြင့် ထိန်းသိမ်းခင်းကျင်းပြသထားရှိရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်