နေပြည်တော် ဧပြီ ၁၈
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတွင် ဧပြီ ၁၈ ရက်အထိ သေဆုံးသူ ၃၆၆၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၂၄ ဦးနှင့် ပျောက်ဆုံးသူ ၁၂၆ ဦး ရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့် ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင် သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၅၄ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။
အမြန်ဆုံးခွဲဝေထောက်ပံ့
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီ ၁၇ ရက် ည ၇ နာရီမှ ဧပြီ ၁၈ ရက် ညနေ ၅ နာရီအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တရုတ်နိုင်ငံအခြေစိုက် ဗုဒ္ဓဘာသာကျူချီပရဟိတဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ၀ ဒသမ ၉၆ တန် အလေးချိန်ရှိ ခြင်ထောင်၊ ခေါက်ခုတင်များ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ IOM (မြန်မာ) မှတစ်ဆင့် ထောက်ပံ့မည့် တာပေါ်လင်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၈ မျိုး၊ စုစုပေါင်းတန်ချိန် ၈၃ ဒသမ ၇၀၄ တန် ရောက်ရှိခဲ့သည်။
ပြည်တွင်းပြည်ပ အလှူရှင်များ၏ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်