နေပြည်တော် ဧပြီ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင် မြေနေရာ၌ သမဝါယမဦးစီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်း ၈၀ နှင့် မိသားစုများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်း ၆၀ နှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် နှစ်ခန်းတွဲအိမ်ရာများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မေလပထမပတ်အတွင်း ပြီးစီးအောင် တည်ဆောက်ကြရန်၊ ရေ၊ မီးရရှိရေးနှင့် မိလ္လာစနစ်ကောင်းမွန်စေရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနရုံး အဆောက်အအုံပြန်လည်ပြုပြင်နေမှုများ၊ ရုံးအဝင်လမ်းပြုပြင်ပြီးစီးမှု၊ ရုံးဝန်းကျင်ရှိ ဆည်တမံပြန်လည်ပြုပြင်နေမှု၊ ဝန်ထမ်းစားရိပ်သာတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား သောက်သုံးရေရရှိရေး အမြန်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အပြာရောင်အဆင့်သတ်မှတ်ထားပြီး လူနေထိုင်ရန် သင့်တော်သော အဆောင်များဖြစ်သည့် ကံ့ကော်ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၂၆၀)၊ သဇင် (၁) အဆောင် (၆) အပျိုဆောင်၊ သဇင် (၅) အဆောင် (၁၁) နှင့် အဆောင် (၁၂) လူပျိုဆောင်၊ သဇင် (၄) အဆောင် (၈) (၉) အပျိုဆောင်များ၊ တိုက်အမှတ် (၁၁၁၅)၊ တိုက်အမှတ် (၆၂၀၄) နှင့် တိုက်အမှတ် (၆၁၀၅) အရာထမ်းအိမ်ရာများသို့ သွားရောက်၍ အဆောက်အအုံများ၏ ထိခိုက်မှုအခြေအနေ၊ ဝန်ထမ်းများနေထိုင်ရန် အဆင်ပြေစိတ်ချရမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီးက ရုံးဖွင့်ဖွင့်ချင်းဝန်ထမ်းများ နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ ရေ၊ မီးကိစ္စများ အဆင်ပြေစေရေးနှင့် အသေးစားပျက်စီးမှုများကို အမြန်ပြုပြင်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်