နေပြည်တော် ဧပြီ ၂၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ရှိ နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးသည် မတ် ၂၈ ရက်က အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော တက္ကသိုလ်များ၊ သိပ္ပံနှင့် ကျောင်းများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လာမည့်ဇွန်လတွင် အချိန်မီဖွင့်လှစ်နိုင်ရေး အဆင်သင့်ပြင်ဆင်ထားနိုင်ရေးအတွက် ထိခိုက်ခဲ့သည့် ကျောင်းအဆောက်အအုံများကို စနစ်တကျစစ်ဆေးမှတ်တမ်းတင်ရေး၊ အသေးစားပြင်ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း သတ်မှတ်ချက်သုံးမျိုးနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ စာသင်ခန်းများ၊ Lab ခန်းများ၊ ကွန်ပျူတာခန်းများ၊ အလုပ်ရုံများ၊ ကျောင်းသား ကျောင်းသူ အဆောင်များနှင့် ဝန်ထမ်းအိမ်ရာများကို လိုအပ်သော ပြုပြင်မှုများ ဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ သိပ္ပံနှင့် ကျောင်းတို့မှ ပင်မဆောင်၊ စာသင်ဆောင်များ၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ အလုပ်ရုံများ၊ ဘောလုံးကွင်း၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများအား လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်