ထားဝယ် ဇန်နဝါရီ ၂၁
အဏ္ဏဝါဒေသ အပိုင်းအခြားအလိုက် နေရာသတ်မှတ်ခြင်းဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Diamond Crown Hotel ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင် က အမှာစကားပြောကြားရာ၌ ပင်လယ်ကမ်းရိုးတန်း ဂေဟစနစ်ကြီးသည် ယခုအခါတွင် အကြောင်းအမျိုးမျိုး ကြောင့် ပျက်စီးယိုယွင်းလျက်ရှိကြောင်း၊ ကမ်းရိုးတန်းသယံဇာတများ စီမံအုပ်ချုပ်ရာမှာ လူဦးရေ တိုးပွားများပြားလာနေသည်နှင့်အမျှ ရေတို အကျိုးစီးပွားအတွက်သာလျှင် ရှေ့ရှု၍ သယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၊ ရေရှည်တည်တံ့ခြင်းမရှိသော အခြားမြေ အသုံးချမှုပုံစံသို့ ပြောင်းလဲခြင်း၊ ကမ်းရိုးတန်း ဂေဟစနစ်များက ရရှိသော လူမှုစီးပွားရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာတန်ဖိုးများကို သိရှိနားလည်မှု အားနည်းခြင်း၊ ပြဌာန်းထားသော ဥပဒေလုပ်ထုံးလုပ်နည်းများ၏ အကျိုးသက်ရောက်မှု အားနည်းခြင်း စသောအခက်အခဲ အတားအဆီးများဖြင့့်် ရင်ဆိုင်နေရကြောင်း အကြောင်းအမျိုးမျိုးကြောင့် ကမ်းရိုးတန်းဒေသ သယံဇာတများ နှစ်စဉ်ဆုံးရှုံးနေကြရကြောင်း၊ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းရန် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ကဏ္ဍပေါင်းစုံ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှသာ ပြေလည်နိုင်မည်ဖြစ်ကြောင်း၊ ကမ်းရိုးတန်း သယံဇာတများ ရေရှည်ထုတ်ယူ သုံးစွဲ နိုင်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် မှတ်ယူပြီး သက်ဆိုင်ရာက ဏ္ဍအလိုက် ကျရာတာဝန် တစ်ထောင့်တစ်နေရာဆီကနေ အုတ်တစ်ချပ် သဲတစ်ပွင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရန်လိုကြောင်း ပြောကြားသည်။
ထိုနောက် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (ဒုတိယဌာနေတာဝန်ခံ) ဦးကျော်သင်းလတ် က အဏ္ဏဝါ ဒေသ အပိုင်းအခြားအလိုက် နေရာသတ်မှတ်ခြင်းအကြောင်း မိတ်ဆက်ပြောကြားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခန့်သူက ရေထုညစ်ညမ်းမှု အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစဉ် နှင့် ပတ်ဝန်းကျင် ထိခိုက်နိုင်ခြေပြ မြေပုံရေးဆွဲခြင်းအကြောင်း မိတ်ဆက် ပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပင်လယ်ကမ်း ရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ကော်မတီဝင်များ၊ ဖိတ်ကြားထားသူ များ တက်ရောက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
(ထားဝယ်ခရိုင် ပြန်/ဆက်)