Skip to main content

အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်    ဇန်နဝါရီ   ၂၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဦးစီး၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့် ဆေးပညာကို စိတ်ပါဝင်စား၍ လာရောက်လေ့လာသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ညီလာခံအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက Video ရုပ်သံဖြင့် မိန့်ခွန်းပြောကြားရာတွင် ယခုညီလာခံကြီးကို ကျင်းပခြင်းသည် အားကစားလောက တိုးတက်အောင်မြင်ရန် ဖြစ်သောကြောင့် ဝန်ကြီးဌာနတစ်ခုတည်း သာမက (၄၈) ခုသော အားကစားအဖွဲ့ချုပ်များ နှင့် မြန်မာနိုင်ငံအိုလံပစ် ကော်မတီတို့ပါ ပူးပေါင်းဆောင်ရွက်မှသာ Exercise is Medicine (EIM) ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ (EIM) ဖြစ်လာခြင်းဖြင့် ကျန်းမာရေးတွင် အလွန်အကျိုးရှိပြီး အားကစားလှုပ်ရှားသူများ၏ နှလုံးသွေးကြော၊ ကြွက်သား၊ အဆုတ်၊ အရိုး စသည်တို့ ကြံ့ခိုင်လာ၍ ကျန်းမာကြံ့ခိုင်သော လူမျိုးအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း၊ ဆေးရုံဆေးခန်းများတွင် လူနာနည်းပါးပြီး ဆရာဝန်ဆရာမများအနေနှင့် လူနာနည်းပါးသည့်အတွက် အရည်အသွေးပြည့်ဝစွာ ကုသနိုင်ပါကြောင်း၊ ယခုအခါတွင် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး EIM ကို တစ်ပြည်လုံးအတိုင်း အတာအရ လုပ်ဆောင်နေပြီဖြစ်ပါကြောင်း။

ယခုညီလာခံကို အားကစားဆိုင်ရာသိပ္ပံပညာနှင့် ဆေးပညာရပ်များ ​တိုးတက်လာမှုဖြင့် မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်းကို မြင့်မားလာစေရန်၊ အားကစားဆိုင်ရာ တားမြစ်ဆေးဝါး သုံးစွဲမှုကင်းစင်သော မြန်မာအားကစားလောကအဖြစ် ဂုဏ်ယူသိက္ခာရှိစွာ ရပ်တည်နိုင်ရန်၊ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုများ ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ညီလာခံကြီးသည် မိမိတို့ မြန်မာလူမျိုးများ လိုအပ်နေသည့် ကွက်လပ်ကို ပြန်လည်ဖြည့်ဆည်းပေးသည့် ညီလာခံဖြစ်ပါကြောင်း၊ ညီလာခံကြီးအပြီးတွင် မြန်မာနိုင်ငံ အားကစားသိပ္ပံနည်းပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာ ရှိစွာရပ်တည်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ကျန်းမာရေးတွင်လည်း အားကစားသည် ကုထုံးတစ်ရပ်ဖြစ်ပြီး ပြည်သူအားလုံးပါဝင်သည့် အားကစားလှုပ်ရှားမှုများ၊ လူထုပါဝင်လာသောအားကစား ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ၏ အနာဂတ်တွင် ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ယခုညီလာခံမှ တွန်းအားတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာ့အားကစားလောက၏ Sports Science သည် မည်သည့်အနေအထားမှ စတင်ပါဝင်ခဲ့ပြီး ယခုအခါ Sports Science သည် မည်သို့သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အားကစားလောကကို ဆေးပညာဖြင့် မည်သို့ဆောင်ရွက်ခဲ့ကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားသည်။

ထို့နောက် ညီလာခံအား ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒေါက်တာရဲတင့်လွင်နှင့် ဟောပြောပို့ချမည့် နိုင်ငံတကာပညာရှင်တို့က အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညီလာခံ၌ ခင်းကျင်းပြသထားသော အားကစား ဆေးဘက်ဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ညီလာခံ ဒုတိယအစီအစဉ်အဖြစ် သရုပ်ပြအစီအစဉ်များစတင်ခဲ့ပြီး နိုင်ငံ (၆)နိုင်ငံမှ အသိပညာရှင်၊ အတတ်ပညာရှင်(၁၄)ဦးအား အားကစားဆိုင်ရာ သိပ္ပံနည်းကျ ပညာရပ်များ အားကစားဆိုင်ရာ ဆေးဘက်ပညာရပ်များကို ၎င်းတို့၏ ကျွမ်းကျင်ရာ ကဏ္ဍတစ်ခုချင်းအလိုက် ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

သတင်းစဉ်