ပုသိမ် ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် စက်ယန္တရားနှင့် ယာဉ် (၂၇) စီးကို သက်ဆိုင်ရာ မြို့နယ်/မြို့ စည်ပင်သာယာရေးကော်မတီများသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်/မြို့စည်ပင်သာယာရေးကော်မတီများသို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွဲဝေချထားပေးမည့် စက်ယန္တရားနှင့် ယာဉ်စာရင်းကို ကြေညာခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဖုန်းလွင်ထံသို့ စက်ယန္တရားနှင့် ယာဉ်များ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က မြို့နယ်စည်ပင်သာယာရေး ကော်မတီများထံ စက်ယန္တရားနှင့် ယာဉ်များလွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်/မြို့စည်ပင်သာယာရေးကော်မတီများကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ထွန်းနေဝင်း သစ္စာကုမ္ပဏီနှင့် ခေတ်သစ် ကြယ်တံခွန် ကုမ္ပဏီတို့က ကုမ္ပဏီအမှတ်တံဆိပ်များ ပေးအပ်ခဲ့ကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာဉ်နှင့် စက်ယန္တရားများ၏ စက်စွမ်းရည်နှင့် မောင်းနှင်မှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
တိုးဝေဇင်(တိုင်းဒေသကြီးပြန်ဆက်)