Skip to main content

မွန်ပြည်နယ် ဝန်ကြီးချုပ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲသို့ တက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၂၃

မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးများနှင့် လွှတ်တော်ကိုယ်စားလှယ်များပူးပေါင်း၍  ၂၀၁၉ ခုနှစ် သစ္စာစီမံချက်ဖြင့် မွန်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောက်ရွက်ပေးခဲ့ပြီးသော နိုင်ငံသား(၁၆၅၉၆၅)ဦးအနက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ များနှင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများ စုစုပေါင်း (၁၆၇၁၄)ဦးတို့ကို ထုတ်ပေးမည့်  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို  ယနေ့ နံနက် ၉ နာရီတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံးကို မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ နှစ်စဉ်ကျောင်းဖွင့် ရာသီမှစ၍ စာသင်ချိန်မပျက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက်ရရှိနိုင်ရေး ဆောင်ရွက်ပေးသကဲ့သို့ ပြည်သူများကိုလည်း နိုင်ငံသားစိစစ်ရေးကတ်များ လွယ်လင့်တကူ အချိန်တိုအတွင်း အလုပ်ခွင်မပျက်ရရှိနိုင်ရေး ကျေးရွာတွေအရောက် ကွင်းဆင်း ဆောင်ရွက်နိုင်ဖို့ လမ်းညွှန်မှုများပြု၍ ဆောင်ရွက်စေခဲ့ပါကြောင်း၊ ပြည်သူများအနေဖြင့် လည်း ယခုကဲ့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မိမိတို့နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအရောက် (လဝက)ရုံးများ ရွာရောက်ရှိလာသလိုမျိုး အချိန်တိုအ တွင်း လွယ်လင့်တကူ လုပ်ငန်းခွင်မပျက် ဆောင်ရွက်ပေးမှုအပေါ်တွင် ပေါ့ပေါ့ဆဆသဘောမထားဘဲ နိုင်ငံသားတစ်ဦးအနေနဲ့ နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိ ရိုသေပြီး နိုင်ငံတော်ကပေးသော အမွေတစ်ခုကဲ့သို့ မိမိဘဝ တစ်လျောက်လုံးကိုင်ဆောင်သွားရဖြစ်သလို မိမိသားစဉ်မြေးဆက် မိမိရဲ့သမိုင်းမှတ်တမ်းအဖြစ် ထားရှိရမှာဖြစ်သလို အလေးထားကိုင်တွယ် သိမ်းဆည်းထားစေလိုကြောင်း” ပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့မှုနှင့် ပက်သက်၍ ရှင်းလင်းတင်ပြပြီး အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများ စုစုပေါင်း (၁၆၇၁၄)ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး များတို့က ပေးအပ်ရာ အခြေခံပညာကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများတို့က လက်ခံရယူသည်။

ထို့နောက် မွန်ပြည်နယ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးများမှ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများကို ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့နယ်များ၏ သစ္စာစီမံချက်ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို လှည့်လည်ကြည့်ရှု ခဲ့ကြောင်းသိရသည်။

ဝေလင်း(ပြန်/ဆက်)