မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲက ငါးနှစ်တစ်ကြိမ် ကျင်းပသည်ဖြစ်ရာ ယခုလာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာပြည်သူတို့ မဲပေးကြရတော့မည်ဖြစ်ပါသည်။ ၁၉၉ဝ ပြည့် ကာလတုန်းက အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြီး ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ပြီး ကာမှ ထိုစဉ်က အာဏာသိမ်းအစိုးရက လွှတ်တော်ခေါ်မပေး၊ အစိုးရ အာဏာလွှဲပြောင်းမပေးခဲ့။ ပြည်သူ့ကိုယ်စားလှယ်အများစုမှာ ဖမ်းဆီး နှိပ်စက် ထောင်သွင်းအကျဉ်းချခံခဲ့ကြရ။
အစိုးရမင်းတို့၏လက်မှ လွတ်ရာပြေးကြရင်း ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ ရောက်ရှိသွားကြသည့် လွှတ်တော်ကိုယ်စားလှယ်များကလည်း မနည်းလှ။ ထိုသို့သော ထိခိုက်နစ်နာမှုများ ခံစားနာကျင်မှု များဖြင့် ထုံမွမ်းနေသော ရွေးကောက်ပွဲကို ဖြတ်သန်းခဲ့ကြပြီးနောက် နှစ်ပေါင်းနှစ်ဆယ်ကြာမှ နောက်တစ်ကြိမ် ရွေးကောက်ပွဲတစ်ခုကို ကြုံကြရခြင်းဖြစ်၏။
ထို့ကြောင့် ရွေးကောက်ပွဲဟူသည် အခြားသောနိုင်ငံတို့မှ ပုံမှန်ပြုလုပ်နေကျ ရွေးကောက်ပွဲများနှင့် မတူသောခံစားချက် မြန်မာနိုင်ငံသားတို့အတွက် ရှိနေသည်ဟု တွေးမိပါသည်။ ရွေးကောက်ပွဲအပေါ် ထားသည့် သဘောထားမှာ ပုံမှန်ထက်ပိုသော ထူးခြားလေးနက်မှု ရှိနေသည်။ ရွေးကောက်ပွဲသည် နိုင်ငံ၏အပြောင်းအလဲအတွက် အရေးပါသည်ဟူသည့် စိတ်အခံ၊ ခက်ခက်ခဲခဲ ရရှိထားသော အခွင့်အရေးဟုတွေးသည့် အယူအဆ စသည်တို့က ရွေးကောက်ပွဲတွင် မဲပေးကြစို့ဟူသော တွန်းအားဖြစ်ပါမည်။
ထို့ကြောင့်ပင် ရွေးကောက်ပွဲဆိုလျှင် ရင်ခုန်ကြ၏။ စိတ်လှုပ်ရှားမှု ဖြစ်ကြ၏။ မဲပေးရေးကို စိတ်ဓာတ်တက်ကြွကြ၏။ အထူးသဖြင့်မူ ၁၉၉၀ ရွေးကောက်ပွဲကို ကြုံခဲ့ ပတ်သက်ခဲ့ဖူးသူများ၊ ထိုကာလက မဲပေးနိုင်သည့် အရွယ်မရောက်သေးသည့် ငယ်ရွယ်သူများသည်ပင် ထိုရွေးကောက်ပွဲ နှင့် ရွေးကောက်ပွဲ၏ နောက်ဆက်တွဲ အဖြစ်အပျက်များကို ကြုံရ ကြားရ၊ သိရမြင်ရသည်တို့က စိတ်ကို ထိခိုက်စေမည်သာ။
ယေဘုယျအားဖြင့်မူ ရွေးကောက်ပွဲဟူသည် နိုင်ငံရေးပါတီတို့၏ ပြိုင်ပွဲ နိုင်ငံရေးခေါင်းဆောင်တို့၏ ပြိုင်ပွဲဟု မြင်ကြလေ့ရှိပါသည်။ နိုင်ငံရေးပါတီ၊ နိုင်ငံရေးခေါင်းဆောင်တို့၏ ပြိုင်ပွဲဖြစ်သောကြောင့် မတူညီသော ပါတီတို့ကို ထောက်ခံသူများ ကွဲပြားသော ခေါင်းဆောင်တို့ကို ထောက်ခံကြသူများ အကြားတွင်ပါ ကွဲကြတော့မည်ဟူသော အယူအဆတို့ ရှိနေသည်လည်း ရှိပါ၏။
အမှန်တော့ ရွေးကောက်ပွဲဟူသည် နိုင်ငံရေးအာဏာအတွက် ယှဉ်ပြိုင်ကြသည်ဆိုသော်လည်း မူလစိတ်စေတနာက နိုင်ငံသားတို့၏ အကျိုးအတွက် ဖြစ်၏။ အများသူငါ၏ ဘဝရှင်သန်မှု လုံခြုံရေး၊ စားဝတ်နေမှု ဖူလုံရေး၊ စိတ်အေးချမ်းသာစွာ နေထိုင်သွားနိုင်စေရေး၊ နိုင်ငံသားတိုင်း တန်းတူညီမျှ ရှိရေး စသည့် ပြည်သူလူထုအပေါ်ထားသည့် မေတ္တာ၊ ကရုဏာ၊ စေတနာ စသည်တို့အပေါ်တွင် အခြေခံခြင်းဖြစ်ပါသည်။ မိမိကိုယ်ကျိုးကို ပဓာနမထားဘဲ အခြားသူတစ်ပါး၏ အကျိုးစီးပွားကို ဦးစားပေးသည့် ချစ်ခြင်းမေတ္တာကို အခြေခံခြင်းဖြစ်ပါသည်။
မြင့်မြတ်ကောင်းမွန်သည့် ဦးတည်ချက်ဖြင့် နိုင်ငံရေးအာဏာကို လူထုထံမှ တောင်းခံသည့် ပွဲဖြစ်ပါသည်။ ပြည်သူလူထုအကျိုးအတွက် အလုပ်လုပ်နိုင်ရန်အလို့ငှာ ပြည်သူလူထု၏ ထောက်ခံမှု ကို တောင်းဆိုခြင်းဖြစ်သည့်အားလျော်စွာ ပြည်သူလူထု၏ အဆုံးအဖြတ်သာ အဓိက ဖြစ်သည်ဟု နားလည်ရန်သာ။
ရွေးကောက်ပွဲတို့၏ စည်းကမ်းဥပဒေများအရ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကွဲပြားသည့် ရွေးကောက်ပွဲဆုံးဖြတ်မှု ပုံစံများရှိသော်လည်း ပြည်သူလူထု၏ ထောက်ခံမှုကသာ အဆုံးအဖြတ် ဖြစ်သည်ဟူသည့် အခြေခံ အချက်ကမူ မကွဲပြားလှ။
မြန်မာနိုင်ငံ၏ရွေးကောက်ပွဲသည် မဲအနည်းအများပေါ်တွင် မူတည်ဆုံးဖြတ်ခြင်းဖြစ်၏။ ထို့ကြောင့် လူထုထောက်ခံမှု အထိုက်အလျောက်ရှိသော်လည်း မဲရရှိမှုနည်းသူတို့ ရွေးချယ်မခံရသည့် အဖြစ်တို့သည်လည်း ရှိမည်သာ။ သို့ရာတွင် နိုင်ငံရေး၏ မူလရည်ရွယ်ချက်ကိုက စိတ်စေတနာ ကောင်းကို အခြေခံရသည်ဖြစ်လေရာ ရွေးချယ်ခံရမှ နိုင်ငံ့အကျိုး ပြည်သူလူထုအကျိုးကို ဆောင်ရွက်ခွင့်ရသည် မဟုတ်ပါ။ ရွေးချယ်ခံရလျှင် နိုင်ငံရေး အာဏာရရှိပြီး ပိုမိုထိရောက်သော တာဝန်များထမ်းဆောင်နိုင်ကောင်း ထမ်းဆောင်နိုင်မည်ဖြစ်သော်လည်း ရွေးချယ်မခံရလျှင်လည်း ပြည်သူလူထုအကျိုးကို ရသည့်နေရာကအတတ်နိုင်ဆုံး ဆောင်ရွက်သွားမည် ဟူသော စိတ်စေတနာ က နိုင်ငံရေးသမားတို့၏ အရေးကြီးသည့် တာဝန်ဖြစ်သည်မဟုတ်ပါလား။
ထို့နည်းတူစွာပင်၊ ပြည်သူလူထုကလည်း မိမိယုံကြည်အားကိုးရာ နိုင်ငံရေးပါတီနှင့် နိုင်ငံရေး ခေါင်းဆောင်တို့ကို မဲပေးရွေးချယ် ကြရမည်သာ။
အချုပ်ကိုဆိုရလျှင်မူ မိမိတို့ယုံကြည်သော နိုင်ငံရေးပါတီနှင့် နိုင်ငံရေး ခေါင်းဆောင်တို့ကို မဲရုံများမှတစ်ဆင့် လူထုကရွေးချယ်၏။ ရွေးချယ်ခံရသော နိုင်ငံရေးပါတီနှင့် နိုင်ငံရေး ခေါင်းဆောင်တို့က မိမိတို့ကို ရွေးချယ်တင်မြှောက်သော ပြည်သူလူထု၏ သဘောဆန္ဒနှင့် လျော်ညီသော နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူတို့၏ဘဝများ တိုးတက်ကောင်းမွန်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်ဖြစ်၏။ ဤသည်ပင် ဒီမိုကရေစီစနစ်၏ အနှစ်သာရ တစ်ခုဖြစ်ပါသတည်း။
ထို့ကြောင့် ရက်အနည်းငယ်သာ လိုတော့သော နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူတို့တစ်ခဲနက် သွားရောက်မဲပေးကြခြင်းဖြင့် တိုးတက်ဖွံ့ဖြိုးသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ဆီသို့ လျှောက်လှမ်းကြပါစို့။ ။