Skip to main content

နိုင်ငံရေးအသိ ကျန်းမာရေးသတိဖြင့်

ရွေးကောက်ပွဲပြီး၍ မဲအနိုင်အရှုံးစာရင်းများကို ထုတ်ပြန်ကြေညာနေပြီ။ အပြီးအပြတ် ရေတွက်မှု မပြီးဆုံးသေးဘူးဆိုသော်လည်း ရေတွက်ပြီးသလောက်နှင့် ထုတ်ပြန်မှုများအရ အနိုင်ရပါတီကို ခန့်မှန်းသိရှိနေကြပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုတွင် တောင်ပြိုကမ်းပြို နိုင်ခဲ့ပြန်ပြီဟု သိနေကြရ ပါပြီ။

မဲပေးခဲ့ကြသော ပြည်သူလူထုကား မိမိတို့ အားကိုးတကြီးဖြင့် ယုံယုံကြည်ကြည် မဲပေးခဲ့ကြ သည့်အတိုင်း ဖြစ်လာပြီဟူသော အပျော်က တခြိမ်းခြိမ်းဖြစ်နေ သည်။

မဲပေးခဲ့ရသည်ကလည်း ကိုဗစ်ကာလအတွင်းဖြစ်သည့်အတွက် အတော်ပင် စွန့်စွန့်စားစား မဲပေးခဲ့ကြရသည်မို့ မိမိတို့ မဲပေးသည့်ပါတီ နိုင်သည့်အခါ အားရဝမ်းသာဖြစ်ကြရသည်။ ရွေးကောက်ပွဲမတိုင်မီက ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနေမှု၏ ခြိမ်းခြောက်မှုကြောင့် မဲပေးသူနည်းမည်၊ မဲပေးသူနည်းပါက ရွေးကောက်ပွဲ၏ ရလဒ်ကို ထိခိုက်စေမည် စသည်ဖြင့် ပြည်တွင်း၊ ပြည်ပမှ အချို့သော နိုင်ငံရေး အကဲခတ်သူများက ဟောကိန်း ထုတ်ထားကြ၏။

သို့သော်လည်း လက်တွေ့က ပြောင်းပြန်ဟု ဆိုရပါမည်။

အရုဏ်မတက်မီမှစကာ မဲရုံများရှေ့တွင် တန်းစီနေကြပြီ။ ခပ်ချဲချဲ လူချင်းခွာ တန်းစီကြ၊ နှာခေါင်းစည်းများ တပ်ဆင်လာကြ၊ အမှားအယွင်းဖြစ်မှာကို အထူးသတိထားပြီး တည်တည် ငြိမ်ငြိမ်ဖြင့် မဲပေးခဲ့ကြပါလေသည်။

သတိကြီးကြီး၊ ဝီရိယကြီးကြီး၊ နှလုံးသားကြီးကြီး၊ ဦးနှောက်ကြီးကြီးဖြင့် ရွေးကောက်ပွဲကို ဆင်နွှဲပါဝင် မဲပေးခဲ့ကြသည်ဟု ဆိုနိုင်ပါသည်။ တံဆိပ်တုံးထုသည်မှ အစ အမှားအယွင်း မဖြစ်အောင် လွန်စွာသတိထားနေကြသည်တို့က ပြည်သူတို့၏ နိုင်ငံရေးရေချိန်နှင့် နိုင်ငံရေး နိုးကြားမှုကို ဖော်ပြနေခြင်းဖြစ်ပါသည်။ ယင်းသို့ ဇွဲ၊ ဝီရိယ၊ အသိဉာဏ်နှင့်အတူ စည်းကမ်း လိုက်နာမှုတို့ဖြင့် မဲပေးခဲ့ကြခြင်းက ဂုဏ်သိက္ခာရှိရှိ အောင်မြင်ခဲ့သော ရွေးကောက်ပွဲကြီးအဖြစ် နိုင်ငံတကာ အလယ်တွင် တင့်တင့်တယ်တယ် မှတ်တမ်းတင်နိုင်ပြီ ဖြစ်ပါသည်။

သို့သော်လည်း မြန်မာ့နိုင်ငံရေးခရီး၌ ရွေးကောက်ပွဲတွင် မဲပေးခြင်း၊ မဲအနိုင်ရ အောင်မြင်ခြင်းက ခရီးဆုံးပန်းတိုင် ရောက်သွားသည် မဟုတ်ပါ။ မြန်မာနိုင်ငံ ရှေ့ခရီးက ကြိုးကြိုးစားစား နိုးနိုးကြားကြား၊ ခါးတောင်းကျိုက်မဖြုတ်ဘဲ မဆုတ်မနစ်သောဇွဲဖြင့် အင်တိုက်အားတိုက် ဆက်လက် လျှောက်လှမ်းကြရ ပါဦးမည်။

ယခုအခါ ရွေးကောက်ပွဲနိုင်ပြီဟူသည့် အသိဖြင့် ပြည်သူတို့ ပျော်ရွှင်ကြ၏။ ထိုပျော်ရွှင်မှုကို လွန်လွန်ကျူးကျူး ဖော်ပြကြရင်း၊ အောင်ပွဲခံကြရင်း စည်းကမ်း စည်းမျဉ်း ဥပဒေတို့ကို ချိုးဖောက်ရာ ရောက်လာသည့် လှုပ်ရှားမှုများ၊ အပျော်ကျူးမှုများ လမ်းများပေါ်သို့ ရောက်လာ သည်ကို တွေ့နေရပါသည်။

ထိုသို့သော လွန်ကျွံလာမှုများက ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု တိုးမြင့်လာစေနိုင်သည်ကို သတိပြုကြရန် လိုပါမည်။ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ မဲပေးစဉ်ကာလက ကဲ့သို့သော စည်းကမ်းသေဝပ်မှု ရှိကြရန် လိုပါမည်။

လူစုလူဝေး များပြားထူထပ်ခြင်းသည် ကိုဗစ်ရောဂါကူးစက် ပြန့်ပွားမှုကို အားပေးကြောင်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက အဖန်ဖန် သတိပေး ကြေညာထားပြီး ဖြစ်ပါသည်။ ယခုအခါ ရွေးကောက်ပွဲ မဲအနိုင်အရှုံးကို အကြောင်းပြု၍ လူစုလူဝေးဖြင့် အောင်ပွဲခံမှုများသည် ရောဂါကူးစက်မှု အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်နေပြီ ဖြစ်သည်။

ထို့ကြောင့် ပြည်သူလူထုသည် စည်းကမ်းရှိရှိ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကြခြင်းဖြင့် လူစုလူဝေး မဖြစ်ပွားအောင် ဂရုစိုက်ကြရန် အရေးကြီးပါသည်။ လူစု လူဝေးဖြင့် လှုပ်ရှား နေကြခြင်းသည် ဥပဒေကို ချိုးဖောက်ရာ ရောက်သည်ကိုလည်း အထူးသတိပြုနားလည်ကြရန် လိုအပ်ပါသည်။

နိုင်ငံရေးအသိကြီးသော ပြည်သူလူထုသည် ကျန်းမာရေးသတိလည်း ကြီးကြခြင်းဖြင့် ကျန်းမာအေးချမ်းသော နိုင်ငံတော်ကို တည်ထောင်ကြရန် နှိုးဆော် လိုက်ရပါကြောင်း။