Skip to main content

ဒီမိုကရေစီပထမစာမျက်နှာသစ်ဖွင့်လှစ် ငြိမ်းချမ်းသာယာသောခရီးလျှောက်လှမ်း

ဒီဇင်ဘာလ ၂၈ ရက်နေ့သည် မြန်မာ့နိုင်ငံရေးခရီးလမ်းကြောင်း၌ တစ်မူထူးခြားသော မှတ်တမ်းဝင်မည့်နေ့တစ်နေ့ဖြစ်သည်။ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်အတွင်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် ထူးခြားသည့်နေ့တစ်နေ့ဖြစ်သည်။ ဤရွေးကောက်ပွဲသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ၊ မှားယွင်းမှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့သည်ကို မည်သို့မျှဖြေရှင်းပေးခြင်းမရှိသဖြင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအဖြစ် ပြန်လည်ကျင်းပပေးသည့် ထူးခြားသောရွေးကောက်ပွဲဟု ဆိုရမည်ဖြစ်သည်။

တစ်နည်းဆိုလျှင် ဤရွေးကောက်ပွဲသည် နိုင်ငံရေးအရညစ်ထေးမှုများ၊ မှားယွင်းသော အတွေးအခေါ်အယူအဆနှင့်လုပ်ရပ်များ၊ အမုန်းတရား၊ အာဃာတများ၊ ပြည်သူများအပေါ် နာကျင်ခံစားမှုများကို အဆုံးသတ်ပေးနိုင်မည့် ပထမခြေလှမ်းတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာမည့် ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်ပေါ်လာခြင်း၊ ပြည်သူများ၏ လိုအပ်ချက်များ၊ တိုင်းရင်းသားအရေး၊ ဒေသအရေးတို့ကို ငြိမ်းချမ်းသောနည်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာရယူနိုင်သော လွှတ်တော်အခင်းအကျင်းများ ပေါ်ပေါက်လာခြင်းတို့ကြောင့် အကြမ်းဖက်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းမှုများသည် “နေလာနှင်းပျောက်”ဆိုသကဲ့သို့ တဖြည်းဖြည်း လွင့်ပါးသွားမည်သာဖြစ်သည်။

လတ်တလောတွင် ရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပခြင်းဖြစ်ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်ခန့်မှသာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပြီးပြတ်မည်ဖြစ်၍ ရွေးကောက်ပွဲအပေါ် နှောင့်ယှက်ဟန့်တားဖျက်ဆီးမှုများရှိနေဦးမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အနေဖြင့် အခက်အခဲအနှောင့်အယှက်များကို ရှင်းလင်းဖယ်ရှားကျော်လွှားပြီး ရွေးကောက်ပွဲ(၃)ပိုင်းစလုံး အလုံးစုံပြီးစီး အထမြောက်အောင်မြင်အောင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွား မည်ဖြစ်သည်။ ရွေးကောက်ပွဲအပေါ် အဆိုးမြင်သူများအနေဖြင့် အပိုင်း(၃)ပိုင်းစလုံး ကျင်းပပြီးချိန်တွင် တရားမျှတမှု၊ လွတ်လပ်မှု ရှိ/မရှိကို အထင်အရှားတွေ့ရမည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် ပါဝင်ခြင်း/မပါဝင်ခြင်း၊ ရွေးကောက်ပွဲတွင် မဲပေးခြင်း/မဲမပေးခြင်းသည် တစ်ဦးချင်းပုဂ္ဂလိကဆန္ဒဖြစ်၍ အထူးပြောကြားစရာမလိုသော်လည်း ရွေးကောက်ပွဲတွင် ရွေးကောက်ခံပိုင်ခွင့်၊ မဲပေးခွင့်ရှိပါသော်လည်း ပါဝင်ခဲ့ခြင်းမရှိပါက မိမိနှင့်မိမိအသိုက်အဝန်းသာမက မိမိနိုင်ငံအတွက်ပါ နစ်နာနိုင်သည်ကို သတိချပ်သင့်ပါသည်။ ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်း၊ ကန့်ကွက်ခြင်း၊ ဖျက်ဆီးခြင်းသည် ဥပဒေနှင့်ငြိစွန်းသည့်အပြင် အရုပ်ဆိုးအကျည်းတန်ပြီး ဒီမိုကရေစီလူ့အသိုက်အဝန်းမှ ဝေးသထက်ဝေးသွားစေမည်ဖြစ်သည်။ တည်ဆဲအစိုးရတိုင်းသည် ရွေးကောက်ပွဲအောင်မြင်ထမြောက်စေရန် ပြုလုပ်ပေးရန်တာဝန်ရှိပြီး ရွေးကောက်ပွဲပြီးသည့်အခါ ပေါ်ထွက်လာမည့်အစိုးရအား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးသည့်အစဉ်အလာအတိုင်း ဆောင်ရွက်နေသည်။

မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများနှင့်ပတ်သက်၍ ပြည်သူများသည် သက်ဆိုင်ရာမဲရုံအသီးသီးတွင် လာရောက်မဲပေးကြသည်ကိုတွေ့ရသည်။ လက်ရှိအခြေအနေတွင် ပြည်သူများအနေဖြင့် အကြမ်းဖက်အဖျက်သမားများ၏ ခြိမ်းခြောက်နှောင့်ယှက်မှု အမျိုးမျိုးတို့ကြောင့် စိုးရိမ်ပူပန်မှုရှိနေခြင်း၊ နိုင်ငံရေးပယောဂလွှမ်းမိုးမှုခံရခြင်း၊ မဲပေးသည့်နေ့တွင် မဲရုံ၌ မိမိအမည်စာရင်း မပါရှိခြင်းစသည့် အားနည်းချက်များ၊ အခက်အခဲများကြောင့် မဲပေးခွင့်ရှိသူ ပြည်သူများအားလုံး အပြည့်အဝ မပါဝင်နိုင်သည်ကို တွေ့နိုင်သည်။ ယခုရွေးကောက်ပွဲအပိုင်း(၁) ဆောင်ရွက်ခဲ့ခြင်းအပေါ် အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ ထပ်မံပြုလုပ်မည့်ရွေးကောက်ပွဲအပိုင်း(၂)နှင့် အပိုင်း(၃)ကို ပိုမိုလုံခြုံစိတ်ချကောင်းမွန်အောင်ဆောင်ရွက်ပြီး မဲပေးခွင့်ရှိသူပြည်သူများ မဲပေးနိုင်အောင်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါ၊ မပါ ကြိုတင်လေ့လာရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိပါကလည်း ကူညီဆောင်ရွက်ပေးနိုင်ရန် လိုမည်ဖြစ်သည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲအပိုင်း(၁)ကို နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ဒီမိုကရေစီပထမစာမျက်နှာသစ်ကို ဖွင့်လှစ်ပေး လိုက်ပြီဖြစ်ရာ လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေရေး အာမခံထားသည့်အတိုင်း ဆက်လက်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း(၂)နှင့် အပိုင်း(၃)တို့ကိုကျင်းပရာတွင် ယခုထက်ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြပြီး ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်သစ်တွင် တက်ညီလက်ညီပါဝင်လျှောက်လှမ်းကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။