Skip to main content

အငြင်းပွားဖွယ်ရာမဟုတ်သည့် အောင်မြင်မှု

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်မှာ အငြင်းပွားဖွယ်ရာမဟုတ်သော အကြောင်းအရာဖြစ်သည်။ ယခုကျင်းပသည့် ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပသည့် ရွေးကောက်ပွဲများအနက် အနှောင့်အယှက်အဟန့်အတား အများဆုံးသောအခြေအနေတွင် ကျင်းပရသော ရွေးကောက်ပွဲဖြစ်သည့်တိုင် မဲဆန္ဒရှင်ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် ရွေးကောက်ပွဲအပေါ် ယုံကြည်မျှော်လင့်မှုတို့မှာ လွန်စွာမြင့်မားခဲ့သည်။

ရွေးကောက်ပွဲ၏ ကျန်ရှိသည့် အပိုင်းနှစ်ပိုင်းကို နောက်ထပ်အချိန်တစ်လအတွင်း ကျင်းပပြီးသည့်နောက်တွင် ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာမည်ဖြစ်ရာ ဤရလဒ်သည် မဲဆန္ဒရှင်ပြည်သူတို့၏ ဆန္ဒနှင့်အညီသာ ဖြစ်သည်။ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးအာမခံထားသလို ပွင့်လင်းမြင်သာစွာ ကျင်းပခဲ့ခြင်းလည်းဖြစ်ရာ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ သံတမန်များ၊ ပြည်တွင်းပြည်ပမီဒီယာများကို စောင့်ကြည့်ခွင့်၊ လေ့လာခွင့်၊ သတင်းရယူခွင့်တို့ ခွင့်ပြုပေးခဲ့သည့်အတွက် ၎င်းတို့၏ သဘောထားမှတ်ချက်များ၊ သတင်းများနှင့် ၎င်းတို့၏ အာဘော်များကိုလည်း မိမိတို့ သိရှိကြရပြီး ဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပခြင်းနှင့် စပ်လျဉ်း၍ သတင်းများ ဖော်ပြထုတ်လွှင့်ကြရာတွင် ပြည်တွင်းမီဒီယာများနှင့် ပြည်ပမီဒီယာများ၏ သတင်းတင်ဆက်ပုံများမှာ ကွဲပြားခြားနားကြသည်။ ပြည်တွင်းမီဒီယာများမှာ လိုရင်းကို အဓိကမှန်ကန်စွာ ဖော်ပြသည်။ မြန်မာ့ယဉ်ကျေးမှုနှင့်လည်း ကိုက်ညီသည်။ နိုင်ငံ၏ ပကတိအခြေအနေကို ကောင်းစွာနားလည်ပြီး နိုင်ငံကိုတည်ငြိမ်အေးချမ်းစေလိုသည့် စိတ်စေတနာပါရှိသည်။

ပြည်ပမီဒီယာများကမူ သူတို့ရှုထောင့်၊ သူတို့အာဂျင်ဒါ၊ သူတို့ သတင်းတည်ဆောက်ပုံ ဖော်မြူလာများအတိုင်းသာဖြစ်သည်။ သတင်း၏ လိုရင်းဖြစ်သော ရွေးကောက်ပွဲအောင်အောင်မြင်မြင် အေးအေးချမ်းချမ်းပြီးဆုံးသွားခြင်းဆိုသည်ထက် မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့်ပဋိပက္ခများ၊ ပြဿနာများ စသည့်နောက်ခံအကြောင်းအရာများကို အသားပေးဖော်ပြထုတ်လွှင့်ကြသည်။ ပြည်ပြေးပြည်ဖျက်မီဒီယာများကမူ သတင်းတု၊ သတင်းယောင်၊ သတင်းမှားများဖြင့် ရွေးကောက်ပွဲကို အိုးမဲသုတ်ရန် ကြိုးစားသည်။ သို့ရာတွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို ယင်းဒေသများတွင် နေထိုင်ကြသည့် မဲဆန္ဒရှင်ပြည်သူများက အသိဆုံးပင်ဖြစ်သည်။

ရွေးကောက်ပွဲကို အတွေ့အကြုံရှိသည့် နိုင်ငံတကာစောင့်ကြည့် လေ့လာရေးအဖွဲ့များလည်း လာရောက်စောင့်ကြည့်လေ့လာခဲ့ကြပြီး ကောင်းမွန်သည့် သဘောထားမှတ်ချက်များ ပေးခဲ့ကြသည်တို့ကို အမှတ်တရရှိကြရန်လိုသည်။ မဲပေးသည့်ပြည်သူများ ရွေးကောက်ပွဲကို စိတ်ဝင်တစားရှိကြောင်း၊ ပျော်ရွှင်တက်ကြွစွာ မဲပေးကြကြောင်း၊ အဆင့်အတန်းမြင့်သည့် ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ မဲရုံပိတ်ရန် တစ်နာရီခွဲခန့်သာ လိုတော့သည့်အခါမှာပင် မဲပေးရန် စီတန်းစောင့်နေကြကြောင်း၊ မဲဆန္ဒရှင်အများအပြားက ကိုယ်ပိုင်ရွေးချယ်မှုပြုလုပ်ပြီး သူတို့၏အနာဂတ်ကိုဆုံးဖြတ်ရန် မဲပေးဖို့ လာရောက်ကြသည်ကို တွေ့ခဲ့ရကြောင်း။

မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ တကယ့်ကိုအသုံးဝင်ပြီး တကယ့်ကိုပြိုင်ဆိုင်မှုရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို တွေ့ရှိခဲ့ရကြောင်း၊ ယခုတွေ့ရှိခဲ့သည့် ကောင်းမွန်သည့်အချက်အလက်များကို မိမိတို့နိုင်ငံမှာလည်း ပြန်လည်အသုံးချသွားရန် စဉ်းစားထားကြောင်း၊ အရေးကြီးသည့်အချက်တစ်ခုမှာ မဲပေးကြသည့်သူများထဲတွင် လူငယ်များစွာပါဝင်သည်ကို တွေ့ရပါကြောင်း စသည်ဖြင့် အသီးသီးသဘောထားမှတ်ချက်များ ပြောကြားခဲ့ကြသည်။

နိုင်ငံ၏အနာဂတ်အတွက် အရေးကြီးသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ မည်သူတို့ မည်သို့ပင်ဖျက်ကြစေကာမူ အောင်မြင်စွာ၊ အေးချမ်းစွာပြီးမြောက်ခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသည့် ရွေးကောက်ပွဲအပိုင်း (၂) နှင့် အပိုင်း (၃) တို့မှာလည်း နိုင်ငံကို ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်စေလိုကြသည့် ပြည်သူတို့၏ အလိုဆန္ဒနှင့်အညီ အောင်မြင်စွာကျင်းပနိုင်မည်သာဖြစ်သည်ဟု ယုံကြည်ပါကြောင်း။ ။