ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးနောက် ရွေးကောက်ပွဲအပိုင်း (၂) ကိုလည်း ပို၍အောင်မြင်စွာကျင်းပနိုင်ရန် ကဏ္ဍအလိုက် တာဝန်ရှိသူများက တက်တက်ကြွကြွ ပြင်ဆင်ဆောင်ရွက်နေကြပြီဖြစ်သည်။ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် မဲပေးခွင့်ရှိသူ ၁၁ ဒသမ ၆ သန်းကျော်ရှိသည့်အနက် မဲပေးသူ ၆ သန်းကျော်ရှိခဲ့ရာ မဲပေးသူ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိခဲ့ခြင်းကြောင့် အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်။
ယခုအခါ လာမည့် ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) တွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးတစ်ရပ်ဖြစ်သည့် မဲပေးပိုင်ခွင့်မဆုံးရှုံးရန်အတွက် မဲစာရင်းကြည့်ရှုကြရန်၊ နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် မပျက်မကွက်မဲပေးကြရန် ပညာပေးနှိုးဆော်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့အပြင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ရာနှုန်းပြည့် မဲပေးနိုင်ရေး၊ မဲစာရင်းအမှတ်စဉ်များကို မဲဆန္ဒရှင်လက်ဝယ်အရောက် ကြိုတင်ဖြန့်ဝေထားရေး၊ လိုအပ်သည့်နေရာများတွင် ကြိုပို့ယာဉ်များစီစဉ်ပေးရေး၊ မဲရုံများတွင် ယာယီနားနေရန်နေရာများ ပြင်ဆင်ထားရှိရေး၊ အရေးပေါ်ကျန်းမာရေး၊ လုံခြုံရေးစသည်ဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ထောင့်စေ့အောင်စီမံ ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရသည်။
ဆန့်ကျင်ဘက်တွင်မူ အကြမ်းဖက်အဖျက်အမှောင့်သမားများက ရွေးကောက်ပွဲပျက်စီးစေရန် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြပြီး ပြည်သူလူထုကိုလည်း မဟုတ်မမှန် ဝါဒ ဖြန့်လှုံ့ဆော်မှုများ ပြုလုပ်နေကြသည်။ အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) ကိုပင်လျှင် ဝန်တိုမစ္ဆရိယစိတ်သက်သက်မျှဖြင့် သွားပုပ်လေလွင့် သိက္ခာချမှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့ မည်သို့ပင်ပြောဆိုနေကြစေကာမူ မဲရုံများသို့သွားရောက်၍ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ ကြသည့် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ရွေးကောက်ပွဲ၏ လုပ်ငန်းစဉ်များအားလုံးသည် ပြီးပြည့်စုံမှုရှိပြီး တာဝန်ခံမှုအပြည့်အဝဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း မှတ်ချက်များပေးခဲ့ကြသည်မှာ အကောင်းဆုံးသက်သေများပင်ဖြစ်သည်။အကြမ်းဖက်သမားများအနေဖြင့် ရွေးကောက်ပွဲမတိုင်မီကာလများကပင် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ အကြိမ်ကြိမ်ပြုလုပ်၍ ပြည်သူလူထုကို အကြောက်တရားဖြင့် ဖုံးလွှမ်းထားခဲ့သည့်တိုင် မဲပေးရမည့်နေ့တွင် ပြည်သူများက တာဝန်ကျေပွန်စွာ မဲပေးခဲ့ကြခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့တာဟာ သက်ဆိုင်ရာ မြို့နယ်များမှာရှိတဲ့ ပါတီစုံဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ပါတယ်။ တက်ကြွစွာ လာရောက်မဲပေးကြတဲ့ မဲဆန္ဒရှင် ပြည်သူပြည်သားအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပနေတာ ဖြစ်တဲ့အတွက် ကျန်ရှိတဲ့မြို့နယ်တွေက မဲဆန္ဒရှင်ပြည်သူများအနေနဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးကို အပြည့်အဝအသုံးချပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးကြဖို့လည်း လိုအပ်ပါတယ်” ဟု နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တစ်ဦးအနေဖြင့် မပျက်မကွက်မဲပေးခြင်းသည် ဒီမိုကရေစီစနစ်အတွက် မိမိတို့၏ ခိုင်မာသည့်သန္နိဋ္ဌာန်ကို ပြသခြင်းဖြစ်သည့်အပြင် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ရေးအတွက် အရေးပါသည့်အလျောက် ရာခိုင်နှုန်းပြည့် ဆန္ဒမဲပေးကာ တာဝန်ကျေပွန်ကြရပါမည့်အကြောင်း။ ။
