Skip to main content

အကျပ်အတည်းများကို အောင်နိုင်ရေး

နိုဝင်ဘာ ၈ရက် အထွေထွေရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ပွဲ အောင်မြင်မှုကို အကြောင်းပြု၍ လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ပေသည်။ ထိုလူစုလူဝေး ဖြစ်ပွားမှုတို့၏ အကျိုးဆက်အဖြစ် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုရှိလာနိုင်သည်ဖြစ်ရာကိုဗစ်- ၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ပြုမှုများ ပြုလုပ်နေကြရပြီ ဖြစ်ပါသည်။

အကျိုးဆက်များအရ ဓာတ်ခွဲအတည်ပြု လူနာအရေအတွက် ထင်ထားသည်ထက် လွန်စွာ ပိုမိုများပြားလာနိုင်ပါသည်။ ခန့်မှန်းထားသည်ထက်များစွာ ကျော်လွန်များပြားလာမည်ဆိုပါက ဆေးရုံများရှိ ရောဂါပျောက်ကင်းလူနာများကို မြန်မြန်ဆန်ဆန်စိစစ်၍ ဆောလျင်စွာဆင်းခွင့် ပေးနိုင်အောင် ပြင်ဆင်ကြရမည် ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းများ၊ လုပ်ရိုးလုပ်စဉ်ပုံစံများကို ပိုမိုမြန်ဆန်သွက်လက်လာအောင် လိုအပ်သလို အားဖြည့်ရမည်ဟု မြင်ပါသည်။

အခြားသော တွက်ဆထားချက်တစ်ခုမှာ ရာသီဥတုအပြောင်းအလဲ ဖြစ်ပါသည်။ ပုံမှန်နှစ်များတွင်ပင် မိုးရာသီမှ ဆောင်းရာသီသို့ အကူးအပြောင်းကာလတွင် တုပ်ကွေးအစရှိသည့် ဗိုင်းရပ်စ်ပိုး ကူးစက်မှုက အများအပြား ဖြစ်ပွားလေ့ရှိ၏။ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အချို့သော သများတွင် ယခုနှစ်ပိုင်းဆောင်းကာလများ၌ ပြောပလောက်အောင် မအေးတော့ဘဲ အချို့သောဒေသများကမူ သိသိသာသာ အေးဆဲဖြစ်၏။ ကိုဗစ်ရောဂါပိုးသည် အေးသည့်ရာသီဥတုတွင် ရှင်သန်ပေါက်ပွား မှုပိုမိုလွယ်ကူပြီး ကူးစက်နိုင်ခြေက ပိုများပါသည်။ ထို့ကြောင့် ရာသီဥတု အေးသည့်ဒေသများတွင် ရောဂါပိုးကူးစက်မှုကို ပိုမိုသတိကြီးစွာထား၍ အထူးပြုပြင်ဆင်ထားကြရန်လည်း လိုပါမည်။

ယနေ့ချိန်ထိ တွေ့ရှိထားရသမျှတွင် ကူးစက်ပြန့်ပွားမှု လူနာအရေအတွက် တိုးမြင့် လာနေသော်လည်း ကူးစက်ပြန့်ပွားမှုနှုန်းအနေဖြင့် အလွန်များပြားလာခြင်းမျိုး မဟုတ်ပါ။ ထို့ပြင် သေဆုံးမှုနှုန်းထားသည်လည်း အလွန်အမင်း တိုးတက်များပြားသည်ဟု မဆိုနိုင်ပါ။ သေဆုံးသူများ သည် နဂိုရောဂါအခံရှိသူများ၊ ကိုယ်ခံအားနည်းပါးသူများနှင့် သက်ကြီးရွယ်အိုများ၊ ထို့နောက် ရောဂါဖြစ်ပွားစတွင် မိမိအစီအစဉ်ဖြင့် ဆေးကုသနေကြပြီး အခြေအနေဆိုးရွားလာမှ ဆေးရုံသို့ ရောက်လာကြချိန်တွင် သေဆုံးကြသည်တို့က များပြားသည်ကို တွေ့ရပါသည်။ ထို့ကြောင့်ရောဂါ စတင်ဖြစ်ပွားချိန် သို့မဟုတ် ရောဂါဖြစ်ပွားနေပြီဟု သံသယဖြစ်ချိန်တွင် ဆေးရုံသို့လာရောက် ပြသကြရန်လိုပါသည်။ ဆေးရုံသို့လာရောက်ပြသကြရန် စိုးရိမ်စရာမလိုဘဲဆေးရုံကို ရှောင်ခြင်းကသာ အန္တရာယ်များသည်ကို သတိပြုမိကြရန် ဖြစ်ပါသည်။

ကိုဗစ်ရောဂါ ဖြစ်ပွားကူးစက်နေမှုသည် ကျန်းမာရေးသတိဖြင့် ကာကွယ်ထိန်းသိမ်းနေထိုင်ကြရန် လိုအပ်သည်ဖြစ်သော်လည်း ထိခိုက်သက်ရောက်မှုရှိလာနိုင်သည့် နိုင်ငံ၏ရေရှည်စီးပွားရေး အစီအစဉ်များကို အလုံးစုံပိတ်ပင်ထားဖို့ မဖြစ်နိုင်ပါ။ စီးပွားရေးဆိုင်ရာ ရေတိုလုပ်ငန်း၊ ရေရှည်လုပ်ငန်းစသည်တို့ကို စနစ်တကျ စီမံခန့်ခွဲရန် ပြင်ဆင်ကြရန် မူဝါဒများချမှတ် အကောင်အထည်ဖော်ရန်တို့လည်း လိုအပ်ပါမည်။

ထို့ပြင် အိမ်တွင်း၌သာ နေထိုင်ရန်တားမြစ်ခံထားရသည့် မြို့နယ်များမှလွဲ၍ အခြားသော မြို့နယ်များတွင် ကျန်းမာရေးဆိုင်ရာ အကာအကွယ်များကို စနစ်တကျနှင့် စည်းကမ်းလိုက်နာသော စားသောက်ဆိုင်အမျိုးမျိုးကို ယခုလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် စီစဉ်နေသည်ဟုလည်း  သိရပါသည်။ ထိုမှတစ်ပါး လူအများ ကိုးကွယ်ဝတ်ပြုရာ ဘာသာရေး အဆောက်အအုံများကို အချိန်နှင့်လူ အကန့်အသတ်တို့ဖြင့် ပြန်လည်ဖူးမြော်ခွင့်ပြုရန်လည်း စီစဉ်နေပြီ ဖြစ်ပါသည်။

နိုင်ငံ၏ လက်ရှိအခြေအနေအရပ်ရပ်က ကိုဗစ်ရောဂါကို လုံးဝဥဿုံ နိုင်နင်းကာကွယ်နိုင်နေပြီ မဟုတ်သော်လည်း ကစဉ့်ကလျားနှင့် မနိုင်မနင်းအခြေအနေမဖြစ်ပါ။ ထိန်းချုပ်ကိုင်တွယ်နိုင်သည့် အနေအထားတွင် ရှိနေပြီး ဆိုးရွားမလာရေးကို အထူးဂရုပြု စီမံခန့်ခွဲနေကြပါသည်။

ပြည်သူလူထုကလည်း တစ်နိုင်ငံလုံးအနေဖြင့် လည်းကောင်း၊ တစ်ကမ္ဘာလုံးအနေဖြင့် လည်းကောင်း ခြုံငုံနားလည်၍ အခါအားလျော်စွာ ထုတ်ပြန်သော စည်းကမ်းဥပဒေများကို လိုက်နာခြင်း၊ ရောဂါကူးစက် ပြန့်ပွားမှုကို တစ်ဦးချင်း စနစ်တကျကာကွယ်ခြင်း၊ ကိုယ်ခံအား ကောင်းမွန်နေစေရေးနှင့် ကျန်းမာရေးနှင့်ညီအောင် ကျင့်ကြံနေထိုင်ခြင်းတို့ဖြင့် ရင်ဆိုင်နေကြရသော အကျပ်အတည်းများကို ကျော်လွှားအောင်မြင် ကြပါစို့ဟူ၍ ဆော်ဩလိုက်ရပါကြောင်း။      ။