ရန်ကုန် ဇွန် ၁
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ စုစုပေါင်း ၃၃၂၆ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၉၄၉၄၄၁ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ကျောင်းသား ကျောင်းသူ ကျောင်းတက်ရောက်ပညာသင်ကြားမှု ရာခိုင်နှုန်း က ၈၀ ဒသမ ၈၃ ရာခိုင်နှုန်းရှိပါတယ်။ ကျောင်းအပ်လက်ခံမှုကို ဆက်လက်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ပညာသင်ကြားမှုလျာထားချက်ဖြစ်တဲ့ ၁၁ သိန်း ကိုကျော်လွန်ပြီး ၁၂ သိန်းအထိ တက်ရောက်မှုရှိမယ်လို့ ခန့်မှန်းထားပါတယ်။ တစ်ဆက်တည်း နိုင်ငံတော်က ချမှတ်ဆောင်ရွက်တဲ့ Placement Test အထူး အစီအစဉ်ကိုလည်း ဆောင်ရွက်နေတယ်။ ဒီအစီအစဉ်အရ Grade – 1 ကနေ Grade–9 အထိ ပညာရေးနဲ့ ကင်းကွာနေတဲ့ ကျောင်းသား ကျောင်းသူတွေကို သက်ဆိုင်ရာမြို့နယ်တွေမှာ ဇွန် ၁၅ ရက် ကစလို့ Placement Test ဖြေဆိုပြီး ကျောင်းဆက်တက်နိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဦးမင်းဦးက ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားမှုအခွင့်အလမ်းများ မဆုံးရှုံးစေရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ကျောင်းအပ်နှံရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံးတက်ရောက်ပညာသင်ကြားရေးတို့ကို သက်ဆိုင်ရာကျောင်းများအလိုက် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။
“ကျွန်မတို့ကျောင်းမှာ မနက်ပိုင်း ဆိုရင် G – 8 ကနေ G – 12 အထိ၊ နေ့လယ်ပိုင်းဆိုရင် KG တန်းကနေ G – 7 အထိ သင်ကြားပေးနေပါတယ်။ ဒီနေ့ကျောင်း စတင်ဖွင့်လှစ်တဲ့နေ့မှာ ကျောင်းသား ကျောင်းသူ ၂၅၅၅ ဦး တက်ရောက်တာဖြစ်တဲ့အတွက် ၉၉ ဒသမ ၃၃ ရာခိုင်နှုန်း ပညာသင်ကြားနေပါတယ်။ ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ လူရည်ချွန်ကျောင်းသား ကျောင်းသူငါးဦး ပေါ်ထွက်ခဲ့ပါတယ်။ အာဆီယံနိုင်ငံအပါအဝင် တခြားနိုင်ငံတွေရဲ့ ဖိတ်ခေါ်ပြိုင်ပွဲတွေမှာ ကျောင်းက ထူးချွန်ကလေးတွေ ပါဝင်ဆင်နွှဲခွင့်ရတာလည်း ဆရာ၊ မိဘ ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးကျေးဇူးပါ။ ကျောင်းမှာ ကျောင်းအပ်နှံမှုတွေ ဆက်လက်လက်ခံနေပြီးတော့ Placement Test (အထူးအစီအစဉ်) ဟာ ကျောင်းနဲ့ ကင်းကွာနေတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် အထူးအခွင့်အရေးဖြစ်တဲ့အတွက် ဖြေဆိုပြီး ပညာသင်ကြားဖို့ နှိုးဆော်လိုပါတယ်” ဟု ဒဂုံမြို့နယ် အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ စန္ဒာမြငြိမ်းကပြောသည်။
ယမန်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသား ကျောင်းသူ ၁၀ သိန်းကျော် တက်ရောက်ပညာသင်ကြားမှုရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး
