Skip to main content

နေပြည်တော်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

နေပြည်တော် ဇွန် ၁

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့တွင် စတင်ဖွင့်လှစ်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ အတန်းအလိုက်ရေးဆွဲထားသည့် အချိန်ဇယားများအတိုင်း ပြဋ္ဌာန်းဘာသာရပ်များကို သင်ကြားလျက်ရှိကြသည်။

နံနက်ပိုင်းမှစတင်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သက်ဆိုင်ရာကျောင်းအသီးသီး၌ တာဝန်ကျ ဆရာ၊ ဆရာမများက ကျောင်းသား ကျောင်းသူများ တက်ရောက်မည့် စာသင်ခန်းနေရာများသို့ လမ်းညွှန်ပြသပေးခြင်းနှင့် စနစ်တကျစာသင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးကြသည်။

ထိုသို့ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းတက်ရောက်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများအနေဖြင့် စာသင်ခန်းအတွင်း၌ စာသင်ခုံများ စနစ်တကျနေရာချထားခြင်း၊ ဘာသာရပ်အလိုက် စာသင်ချိန်ဇယားများ စနစ်တကျစီမံထားခြင်း၊ ကျောင်းတက်၊ ကျောင်းဆင်းအချိန်စာရင်းများ အသိပေးကြေညာထားခြင်း၊ ကျောင်းသား ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်လည်း ကျောင်းဥပဓိရုပ်ကောင်းမွန်စေရန်နှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားခြင်း၊ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် အသိပေးကြေညာချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ဆောင်ပုဒ်များ စိုက်ထူထားခြင်းနှင့် ကျောင်းကြို၊ ပို့ယာဉ်များ စီစဉ်ထားခြင်းတို့ကို စီမံဆောင်ရွက်ထားကြသည်။

ယနေ့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက “ကျောင်းအပ်နှံရေးနေ့ဖြစ်တဲ့ မေ ၂၅ ရက်ကနေ အခုကျောင်းစတင်ဖွင့်ရက်အထိ ကျောင်းသား ကျောင်းသူဦးရေ ၁၉၅၅ ဦး လက်ခံထားရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လာရောက်မအပ်နှံရသေးတဲ့ ကျောင်းသားဟောင်းတွေလည်း ရှိနေပါသေးတယ်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်က ကျောင်းသားဦးရေအတိုင်းပဲလို့ ဆိုလို့ရပါတယ်။ ကျောင်းဆင်း၊ ကျောင်းတက်ချိန်ကိုလည်း မနက် ၈ နာရီ ၄၅ မိနစ်မှာ ကျောင်းတက်ပြီး ညနေ ၃ နာရီ ၄၅ မိနစ်မှာ ကျောင်းဆင်းမှာဖြစ်ပါတယ်။ စာသင်ချိန်ကတော့ တစ်ရက်ကို ရှစ်ချိန်အချိန်ဇယားဆွဲထားပါတယ်။ ဒေသချိန်အဖြစ် တစ်ပတ်လေးကြိမ်ရှိပါတယ်။ စက်မှုအတတ်ပညာ၊ အခြေခံစိုက်ပျိုးရေးပညာ၊ အခြေခံမွေးမြူရေးပညာဆိုပြီး ဒီနှစ်မှာထပ်တိုးအချိန်ဇယားရှိပါတယ်။ နိုင်ငံတော်က ကျောင်းသား ကျောင်းသူတွေ အခြေခံအတတ်ပညာတွေကို ငယ်ငယ်ကတည်းက အကျွမ်းတဝင်ရှိစေဖို့နဲ့ ကျောင်းသားတစ်ယောက် Grade-9 နဲ့ ကျောင်းရပ်နားလိုက်တယ်ဆိုရင် မိမိစားဝတ်နေရေးကို လွယ်ကူစွာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ Grade-11 နဲ့ Grade-12 ကျောင်းသား၊ ကျောင်းသူတွေအတွက် ဥပဒေအချိန်တစ်ချိန် ထည့်ဆွဲထားပါတယ်။ ဒီကျောင်းသားတွေက အသက် ၁၈ နှစ် ပြည့်ခါနီးဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို သိထိုက်ပြီဖြစ်လို့ ထည့်သွင်းသင်ကြားခြင်း ဖြစ်ပါတယ်။ စာဖတ်တဲ့ ကလေးနဲ့ စာမဖတ်တဲ့ကလေးတို့ရဲ့ အကျိုးအကြောင်း အမှားအမှန်ကို ဆင်ခြင်သုံးသပ်ပုံတွေက ကွာဟပါတယ်။ ဒါကြောင့် ကျောင်းမှာ စာကြည့်တိုက်အချိန်ဆိုပြီး ထည့်သွင်းထားတဲ့အတွက် ကလေးတွေကို စာဖတ်စေချင်ပါတယ်။ စာများများ ဖတ်ပါလို့လည်း တိုက်တွန်းပါတယ်။ အခမဲ့ပညာရေးစနစ် ဖြစ်တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်ရသေးတဲ့ သား၊ သမီးတွေကို ကျောင်းအပ်နှံကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မေယဉ်မွန်က ‘‘ကျောင်းအပ်နှံရေးနေ့ကစတင်ပြီး ဒီနေ့အထိ ကျောင်းသား ကျောင်းသူ အပ်နှံဦးရေ ၁၃၅၇ ဦးရှိပြီ ဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ထက် ကျောင်းသား ကျောင်းသူအသစ် ပိုမိုအပ်နှံလာပါတယ်။ Smart School ကျောင်းအဖြစ် အဆင့်မြှင့်တင်ထားတဲ့အတွက် ဒီနှစ်မှာ ဖူဆယ်အားကစားတစ်ကွင်းထပ်မံတိုးချဲ့ထားပါတယ်။ ဒေသ ချိန်၊ စာဖတ်ချိန်၊ ဥပဒေ၊ စက်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအချိန်တို့အပါအဝင် တစ်နေ့ကို အချိန်ရှစ်ချိန် အချိန်ဇယားဆွဲထားပါတယ်။ ဒါကြောင့် ကျောင်းမအပ်ရသေးတဲ့ သား၊ သမီးတွေရှိသေးတယ်ဆိုရင် မိဘတွေအနေနဲ့ မိမိတို့ သား၊ သမီးတွေ ပညာသင်ကြားခွင့်ရအောင် ကျောင်းအပ်နှံကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်”ဟု ပြောကြားသည်။

ထို့နောက် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်သင်းက ဒီနေ့အချိန်အထိ အပ်နှံကျောင်းသား ကျောင်းသူဦးရေ ၁၅၅၉ ဦးရှိပြီ ဖြစ်ပါတယ်။ မနှစ်က ပညာသင်နှစ်နဲ့ နှိုင်းယှဉ်ရင် ပိုမိုအပ်နှံလာပါတယ်။

ဥပဒေအချိန်ကို Grade-11 နဲ့ Grade -12 ကျောင်းသား ကျောင်းသူတွေအတွက် ထည့်ဆွဲထားပါတယ်။ အသက် ၁၆ နှစ်နဲ့ ၁၈နှစ်ကြား အခြေခံပညာအဆင့်ပြီးဆုံးပြီး ကျောင်းပြင်ပကို ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် ဥပဒေရဲ့ ဆောင်ရန်၊ ရှောင်ရန်နဲ့ ပြစ်မှုပြစ်ဒဏ်တွေကို သိရှိနားလည်သွားအောင် အခြေခံပညာကဏ္ဍကနေ အသိပညာပေးလိုက်တဲ့သဘော ဖြစ်ပါတယ်။ ဥပဒေရေးရာအခြေခံမှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမိတ်ဆက်၊ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေ၊ ရာဇသတ်ကြီး၊ လောင်းကစား ဥပဒေ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုပြီး အခန်း ၈ ခန်းမှာ သိသင့်သိထိုက်တဲ့ ဥပဒေတွေကို ထုတ်နုတ်ပြီး အရွယ်နဲ့ လိုက်လျောညီထွေစွာ သင်ကြားပေးနေပါတယ်။

ဒီနှစ် Grade-6 မှာ သင်ရိုးညွှန်းတမ်းအသစ်ဖြစ်တဲ့ အခြေခံစိုက်ပျိုးရေးပညာ၊ စက်မှုအတတ်ပညာ၊ အခြေခံမွေးမြူရေးပညာဆိုပြီး သင်ကြားပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက် ဗဟုသုတအသိပညာတွေငယ်စဉ်ကတည်းက သိရှိအောင် သင်ကြားပေးခြင်းဖြစ်ပါတယ်။

ဒါ့အပြင် စာကြည့်တိုက်မှာဆိုရင် အသက်အရွယ်အလိုက် စိတ်ဝင်စားမယ့် သုတ၊ ရသ၊ အထွေထွေဗဟုသုတစာအုပ်တွေကို အမျိုးတူရာ ကဏ္ဍအလိုက် ထားထားပါတယ်။ စာများများ ဖတ်ခြင်းအားဖြင့် ဘက်စုံထူးချွန်တဲ့ လူကောင်းလူတော်လေးတွေဖြစ်လာစေဖို့ အခြေခံပညာကျောင်းတွေက မွေးထုတ်ပေးနေတာဖြစ်ပါတယ်။ နိုင်ငံတော်က ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းဝင်းအတွင်း ရောက်ရှိရေးအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ထားပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ ငယ်ရွယ်စဉ်အခါ ပညာရှာဆိုတဲ့ စကားအတိုင်း မိမိတို့ရဲ့ သား၊ သမီးတွေကို ကျောင်းတွေဆီ အရောက်ပို့ကြပါ၊ ကျောင်းသား ကျောင်းသူတွေကလည်း ပညာတွေကို လေ့လာသင်ယူကြပါ၊ မိမိတို့ရဲ့ဘဝ တိုးတက်မြင့်မားအောင်လုပ်ကြ ပါ” ဟု ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် ကျောင်းသား ကျောင်းသူများအား အခမဲ့ပညာရေးစနစ် ဆောင်ရွက်ပေးထားသည့်အတွက် မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိသည့်အပြင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသုံးဗလာစာအုပ်၊ ဖတ်စာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကိုလည်း အခမဲ့ဖြန့်ဝေပေးသည်။

ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအသီးသီး၌ အထက်တန်းအဆင့် ၁၇၂၀၀၊ အလယ်တန်းအဆင့် ၆၈၆၁၈ ဦးနှင့်  မူလတန်းအဆင့် ၁၁၅၀၀၆ ဦး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀၀၈၂၄ ဦး ကျောင်း တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အေးအေးသန့်

ဓာတ်ပုံ-ဖိုးပြည့်စုံ